လှပပြီးတန်ဖိုးကြီးမားတဲ့ ရွှေသားအတိနဲ့ဆောက်လုပ်ထားတဲ့ ရွှေစံအိမ်ကြီး ပိုင်ရှင်အသစ်ကို မျှော်လင့်နေ

ရွှေရောင်တဝင်းဝင်းနဲ့ မျက်လုံးကျိန်းစပ်အောင် အရောင်တလက်လက် တောက်ပနေတဲ့ ရွှေစံအိမ်ကြီးတစ်လုံးကတော့ ပိုင်ရှင်အသစ် လာမယ့်အချိန်ကို မျှော်လင့်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ သာမန်အားဖြင့်တော့ ဒီလိုအိမ်မျိုးဟာ ဒေါ်လာ (၄)သန်းလောက်အထိ ပေါက်ဈေးရှိနိုင်ပေမယ့် အခုတော့ ဈေးလျှော့လိုက်ပါပြီတဲ့။အဓိကအားဖြင့်တော့ အိမ်ကြီးတည်ရှိတဲ့နေရာဟာ သွားလာရေးအခက်အခဲ ရှိသလို၊ ရာသီဥတုကလည်း လကမ္ဘာကိုရောက်နေတာထက်တောင် ကြမ်းတမ်းတယ်လို့ ဆိုပါတယ်။ အိမ်ကြီးတည်ရှိတဲ့နေရာက ဆိုက်ဘေးရီးယားတောင်ပိုင်း၊ ဖက်ဒယ်ပြည်နယ်တစ်ခုဖြစ်တဲ့ Irkutsk Oblast နယ်မြေအတွင်းက Irkutsk မြို့မှာ တည်ရှိတာပါ။

ရာသီဥတုဟာ (၁၂)ရာသီပတ်လုံး အေးခဲနေတာကြောင့် သာမန်အားဖြင့်တော့ အဆင်ပြေပြေ နေနိုင်ဖို့ မလွယ်ပါဘူး။ အခုလို ဆောင်းရာသီဆိုရင် အပူချိန်က (-၅၀)ဒီဂရီမှာ ရှိတာမို့ ဝယ်လက်တွေကလည်း အိမ်ကြီးရဲ့ခမ်းနားထည်ဝါမှုကို လစ်လျှူရှုပြီး လက်ရှောင်ကြပါတော့တယ်။ တကယ်လည်း ဇိမ်ခံအိမ်ဆိုတာ ဇိမ်ကျကျ တည်းခိုနေထိုင်နိုင်ဖို့ လိုရင်းမဟုတ်လား။အခုဆို ဒီအိမ်ကြီးကို ပေါင် (၂.၁)သန်းနဲ့ ရောင်းချဖို့ လက်ရှိပိုင်ရှင်က ဈေးဖွင့်ထားပါတယ်။ အပြင်ကကြည့်ရင် ဒီအိမ်ကြီးက သာမန်လို့ထင်ရပေမယ့် အတွင်းပိုင်းမှာတော့ အင်ပါယာခေတ်က မင်းညီမင်းသားတွေ၊ စော်ဘွားတွေရဲ့အိမ်လိုမျိုး ရွှေပြားတွေ၊ ရွှေကနုတ်တွေ၊ ရွှေဘောင်တွေနဲ့ ခမ်းခမ်းနားနား စီခြယ်ထားပါတယ်။

အိမ်ကြီးမှာ အဆင့်မြင့်အစားအစားတွေကို ချက်ပြုတ်နိုင်တဲ့ ဝါရင့်စားဖိုမှူးကြီးလည်း ရှိထားသလို၊ အတူနေပြီး အနီးကပ်စောင့်ရှောက်မယ့် စုံတွဲတစ်တွဲကလည်း ရှိထားနှင့်ပြီလို့ သိရပါတယ်။ အိမ်ထဲမှာ နေလို့ညည်းငွေ့ရင်လည်း ကမ္ဘာ့အနက်ဆုံးရေကန်လို့ သတ်မှတ်ထားတဲ့ Lake Baikal လည်း တည်ရှိပြီး၊ ရာသီဥတုကောင်းရင် ငါးမျှားရတာ အဆင်ပြေပါသတဲ့။အိမ်ထဲမှာထည့်သွင်းထားတဲ့ ပရိဘောဂတွေကလည်း တကယ့်ကို တန်ဖိုးကြီးတွေဖြစ်ပါတယ်။ ဝိုင်ပုလင်းတွေလည်း မြောက်များစွာ သိုလှောင်ထားပြီး၊ ကိုယ်ပိုင်လျှပ်စစ်မီးထုတ်လုပ်နိုင်တဲ့ ဓာတ်အားရုံငယ်လေးကိုလည်း ထည့်သွင်းထားပါတယ်။ အိမ်ရဲ့အကျယ်ကတော့ (၆၉၉၇)စတုရန်းပေ ဖြစ်ပါတယ်။ အိမ်သက်တမ်းမှာ (၁၁)နှစ်သာရှိသေးပြီး၊ လက်ရှိပိုင်ရှင်ကတော့ ဘီလျံနာသူဌေးကြီး Kanagat Ramazanov လို့ သိရပါတယ်။

CRD-လင်းဇော်ကို,Ref ; The Sun