ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားတဲ့ မိန်းကလေးတွေရဲ့ စရိုက်လက္ခဏာ(၄)ခု

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင် တည်ဆောက်တတ်တဲ့ မိန်းကလေးတွေက သာမာန်မိန်းကလေးတွေနဲ့ မတူပဲ တစ်မူထူးခြားနေတတ်ပါတယ်နော်။ သူတို့တွေဟာ ကိုယ့်ကိုယ်ကို အလေးထားတတ်ကြသလို သူတို့ရဲ့ ခံယူချက်တွေကြောင့်လည်း အများက စိတ်ဝင်စားစားခြင်းကို ခံကြရသူတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားတဲ့ မိန်းကလေးတွေဆီမှာ ဒီလိုစိတ်ထားလေးတွေကို တွေ့ရတတ်ပါတယ်။

ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်

ဒီလိုမိန်းကလေးတွေက သူများကို အားကိုးရတဲ့အလုပ်မျိုးကို လုံးဝမကြိုက်တတ်ကြပဲ ဘာမဆို ကိုယ်တိုင်ဖြစ်အောင် လုပ်ချင်တဲ့စိတ် ရှိကြသူတွေပါ။ ဘယ်လောက်ပဲ ခက်ခဲတဲ့ကိစ္စဖြစ်နေပါစေ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကိုထားတတ်ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ အဘိဓာန်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပဲ ဖြစ်အောင်လုပ်ကြည့်မယ်ဆိုတဲ့ စိန်ခေါ်ရဲတဲ့ စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။

ကိုယ့်ဆီမှာ ရင်းနှီးမြုပ်နှံတတ်တယ်

ဒီလိုမိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအမြဲရှိနေဖို့အတွက် သူတို့ကိုယ်သူတို့ ဂရုတစိုက်နဲ့နေထိုင်တတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့သိတာ၊ တတ်တာတွေ ပိုများလာအောင် အမြဲတမ်း လေ့လာဆည်းပူးနေတတ်ကြသလို ကိုယ့်ရဲ့အရည်အချင်းတွေ တိုးတက်လာဖို့ ကိုယ်ကိုယ်တိုင်ဆီမှာ ရင်းနှီးမြုပ်နှံတတ်ကြသူတွေပါ။ သူတို့အတွက် အထောက်အကူဖြစ်မယ့် အရာတိုင်းကို လေ့လာသင်ယူရင်းနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတဲ့သူ တစ်ယောက်ဖြစ်စေပါတယ်။

ကိုယ်ဘာလိုချင်ပြီး ဘာနဲ့ထိုက်တန်လဲဆိုတာကို သိတယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှုထားတတ်တဲ့ မိန်းကလေးတွေက သူတို့ဘာလိုချင်တယ်ဆိုတာကို သေချာသိသလို သူတို့ရဲ့ ထိုက်တန်မှုတွေကိုလည်း ကောင်းကောင်းနားလည်ကြပါတယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်အားငယ်နေတတ်တာမျိုး လုံးဝမဖြစ်ပဲ သူတို့ဖြစ်ချင်တာ၊ လိုချင်တာတွေကို ပြတ်ပြတ်သားသား ရယူတတ်တဲ့ စိတ်ဓာတ်ရှိကြပါတယ်။

ကိုယ့်ကိုယ်ကို ချစ်တတ်တယ်

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ဆိုတာ အပြောလွယ်ပေမယ့် လူတိုင်းလိုက်မလုပ်နိုင်တဲ့ အရာတစ်ခုပါ။ ဒီလိုမိန်းကလေးတွေက ကိုယ့်ကိုယ်ကို လေးစားတယ်၊ တန်ဖိုးထားတယ်၊ ကိုယ့်မှာရှိသင့်တဲ့ မာနတွေရှိတယ်၊ ကိုယ်မှန်ကန်နေတဲ့အရာအတွက် ခေါင်းငုံ့ခံမနေတတ်ဘူး၊ တစ်ခြားသူတွေဆီက လေးလေးစားစား ဆက်ဆံတာမျိုးကိုပဲ ကြိုက်သလို သူတို့လည်း တစ်ခြားသူတွေကို မလေးမစားမဆက်ဆံတတ်ဘူး။ ဒီအချက်တွေက ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းတွေဖြစ်ပြီး ကိုယ့်ရဲ့ဘဝကို အကောင်ဆုံးတည်ဆောက်ချင်ကြတဲ့ စိတ်ဓာတ်တွေ သူတု့ိဆီမှာ တွေ့ရတတ်ပါတယ်နော်။

CRD-Aunty May