အင်ဒိုလေယာဉ်ပျက်ကျရခြင်းအကြောင်း သက်ဆိုင်ရာကထုတ်ပြန်ချက် အငြင်းပွားစရာဖြစ်နေ

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၉)ရက်က ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့တဲ့ Sriwijaya Air flight 182 လေယာဉ်ဟာ အင်ဂျင်စက်ချို့ယွင်းခြင်းကြောင့် ပျက်ကျတာမဟုတ်ကြောင်း သက်ဆိုင်ရာ ထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးခင်ကမှ ပင်လယ်ရေအောက်ကနေ ပြန်လည်တွေ့ရှိခဲ့တဲ့ အချက်အလက်တွေ၊ Black Box ရဲ့ စစ်ဆေးချက်တွေအရ ဒီထုတ်ပြန်ချက် ထွက်လာခဲ့တာပါ။

လေယာဉ်ဟာ စတင်ပျံသန်းချိန်မှ ပင်လယ်ရေအောက်ကို ရောက်သွားချိန်ထိ တပ်စင်ထားတဲ့စက်နှစ်လုံးမှာ အကောင်းပကတိ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်ပျက်ကျမှုကြောင့် လူပေါင်း (၆၂)ဦး တိမ်းပါးခဲ့ရပါတယ်။ သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်က အငြင်းပွားစရာတွေကို ဆက်ပြီး ဖြစ်စေခဲ့ပါတယ်။ အခြားတစ်ဖက်က တွေးရင် စက်ချို့ယွင်းခြင်းကြောင့် မဟုတ်ပါက-

လူကြောင့်လို့ ဆိုလိုတဲ့သဘောမျိုး ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် လေယာဉ်မှူးက စိတ်ဖောက်ပြန်ပြီး ကြံစည်ခြင်းလို့ ဆိုလိုရာရောက်သည့် သဘောဖြစ်နေပါတယ်။ နိုင်ငံတွင်းက သတင်းမီဒီယာတွေကတော့ လေကြောင်းကုမ္ပဏီက ၎င်းတို့တာဝန်ခံရတဲ့အပိုင်း ပေါ့လျှောစေဖို့အတွက် လေယာဉ်မှူးကို အပြစ်လွှဲချချင်တဲ့သဘောမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

 

စုံစမ်းစစ်ဆေးသူတွေကတော့ Black Box ကနေ ရတဲ့သတင်းအချက်အလက်တွေကို Download ရယူပြီးပါပြီ။ ဒါပေမယ့် လေယာဉ်ဦးပိုင်းက အသံသွင်းစက်ကို ပင်လယ်ကြမ်းပြင်မှာ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး၊ ဒီကနေ တိကျတဲ့ ကျယ်ပြန့်ပြီးအရေးပါတဲ့ သက်သေတွေ ထက်ပြီး ရလာဖို့ရှိနေတဲ့အတွက် အရေးအလွန် ကြီးနေပါတယ်။

လေယာဉ်ပျက်ကိုရှာဖို့အတွက် လူပေါင်း(၄၀၀၀)ကျော်ရဲ့ အကူအညီနဲ့အတူ၊ လေယာဉ် (၁၄)စင်း၊ သင်္ဘော (၆၂)စင်း၊ အသက်ကယ်လှေ (၂၁)စီးနဲ့ ပျက်ကျတဲ့နေ့ကစပြီး၊ တွဲဆိုင်းအလိုက် ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို National Transportation Safety Committee (KNKT) က ဦးဆောင်စစ်ဆေးနေတာဖြစ်ပြီး-

၎င်းတို့ထုတ်ပြန်ချက်မှာတော့ Black Box ကရရှိတဲ့အချက်တွေအရ အင်ဂျင်တွေအားလုံးကောင်းသလို၊ ဒီမတိုင်ခင် ပျံသန်းတဲ့ အရှိန်နှုန်းအရ လေယာဉ်မှာ တခြားချို့ယွင်းချက်မရှိဘူးလို့ ဆိုပါတယ်။ နောက်ပြီး အင်ဂျင်နှစ်ခုစလုံးရဲ့သက်တမ်းဟာ (၂၆)နှစ်ရှိနေပြီဆိုတာကိုလည်း KNKT က ဝန်ခံခဲ့ပါတယ်။ Black Box မှာလည်း လုံးဝ အကောင်းပကတိမို့ ရရှိတဲ့ဒေတာတွေက ခိုင်လုံတယ်လို့ ဆိုပါတယ်။

လောလောဆယ် တိမ်းပါးတဲ့လူတွေရဲ့ ဘော်ဒီတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ပျက်စီးနေလို့ ကျန်ရစ်သူမိသားစုတွေဆီကနေ DNA နမူနာတွေယူပြီး တိုက်ဆိုင်စစ်ဆေးနေရကြောင်း၊ အခုအချိန်မှာတော့ (၆၂)ဦးအနက် အတည်ပြုနိုင်တဲ့ တိမ်းပါးသူ (၁၂)ဦးအထိ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ကျန်ရှိသူတွေအားလုံးကလည်း အသက်ဆက်ရှင်ဖို့ မရှိဘူးလို့ သိရပါတယ်။

CRD-လင်းဇော်ကို,Ref ; Daily Mail