ခင်ပွန်းကို ခွေးကဲ့သို့ခေါ်ဆောင်ကာ လမ်းလျှောက်ထွက်လာတဲ့ အမျိုူးသမီးရဲ့ကြီးမားတဲ့အကြံအစည်

ကနေဒါနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းကို လည်ပင်းမှာ ခွေးလည်ပတ်ပတ်ပြီး ကြိုးနဲ့ဆွဲကာ လမ်းမပေါ်ကိုထွက်ပြီး လမ်းသလားနေခဲ့ပါတယ်။ သူမကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ကိုဗစ်စည်းကမ်းကို ဖောက်ဖျက်တယ်လို့သတ်မှတ်ပြီး ဖမ်းဆီးကာ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီအမျိုးသမီးက ဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြံစည်ခဲ့တာပါ။

ကနေဒါနိုင်ငံ၊ Quebec နယ်မြေမှာ ကိုဗစ်ကြောင့် ညမထွက်ရအမိန့်ကို ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၉)ရက် စနေနေ့က ဒီအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ ည(၈)နာရီကနေ မနက်(၅)နာရီအတွင်း ဒေသခံပြည်သူများအနေနဲ့ မိမိနေအိမ်ကနေ အပြင်ထွက်ခွင့် မရှိပါဘူး။ သို့သော်လည်း ခြွင်းချက်အနေနဲ့ အိမ်မွေးခွေးနဲ့ ခြေညောင်းလက်ဆန့် လမ်းလျှောက်တာမျိုးကိုတော့ ခွင့်ပြုခဲ့ပါတယ်။

အခင်းဖြစ်စုံတွဲဟာ Sherbrooke မှာ နေထိုင်သူတွေဖြစ်ကြပြီး၊ သူတို့အနေနဲ့ စောစောက ဖော်ပြထားတဲ့ ခြွင်းချက်ကို ဥပဒေအားနည်းချက်အဖြစ် ကောင်းစွာအသုံးချနိုင်ဖို့ အခုလို ကြံစည်ခဲ့တာပါ။ ယောက်ျားကို ခွေးလည်ပတ်တွေဝတ်ပေး၊ ခွေးတစ်ကောင်လို လေးဘက်ထောက်သွားစေပြီး၊ လမ်းလျှောက်ထွက်လာခဲ့တာပါ။ မေးရင် ခွေးနဲ့ လမ်းလျှောက်ထွက်တာလို့ ဖြေဖို့ ဖြစ်ပါတယ်။

သူတို့စုံတွဲဟာ ကိုဗစ်ကာဖျူးအမိန့်ထုတ်တဲ့ည (၉)နာရီမှာပဲ ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ သူတို့ရဲ့အဖြေက ခွေးနဲ့လမ်းလျှောက်ထွက်လို့ရတယ်ဆိုတဲ့ ဖြေလျော့ချက်ကြောင့် အခုလို ထွက်လာခဲ့တာလို့ ဆိုကြောင်း Sherbrooke Police Department မှာတာဝန်ထမ်းဆောင်နေတဲ့ Isabelle Gendron အမည်ရ ရဲအရာရှိက ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီစုံတွဲကို သက်ဆိုင်ရာက ကနေဒါဒေါ်လာ (၁၅၄၆)စီ ဒဏ်ငွေတပ်ခဲ့ပါတယ်။ စုစုပေါင်း ကနေဒါဒေါ်လာ (၃၀၉၂)အထိ ဒဏ်ငွေဆောင်ခဲ့ရတာဖြစ်ပြီး၊ ဒေါ်လာအားဖြင့်တော့ (၂၄၃၀)အထိ ရှိပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးနှင့်ဆိုလျှင် (၃၂)သိန်းကျော်ကို ဘာမှမဟုတ်တဲ့ အရွဲ့တိုက်စိတ်လေးကြောင့် ပေးဆောင်လိုက်ရတာပါ။ အဲဒီကာဖျူးထုတ်ပြီးကာမှ လူပေါင်း (၇၅၀)အထိ ဒဏ်ရိုက်ပြီးပါပြီတဲ့။

CRD-လင်းဇော်ကို,Ref ; BBC