မျက်လုံးအမြင်အာရုံကို သဘာဝအတိုင်း ပိုမိုတိုးတက်စေမယ့် နည်းလမ်းလေးများ

မျက်မှန်နဲ့ မျက်ကပ်မှန်တွေဟာ ကြည်လင်ပြတ်သားတဲ့အမြင်အာရုံရရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း မျက်လုံးအမြင်အားကောင်းဖို့ သဘောဝအတိုင်း ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ မျက်လုံးမထိခိုက်အောင် ကာကွယ်ဖို့နဲ့ အမြင်အာရုံတိုးတက်စေနိုင်မယ့် နည်းလမ်းအချို့ကို insider ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင်အေ လုံလောက်အောင်မှီဝဲပါ

မုန်လာဥနီတွေဟာ မျက်လုံးအတွက်ကောင်းတယ်ဆိုပြီး တော်တော်များများကြားဖူးကြပါတယ်။ အကြောင်းရင်းက မုန်လာဥနီမှာ ဗီတာမင်အေကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်ပါ။ ဗီတာမင်အေဟာ အမြင်အာရုံအတွက် အရေးကြီးရုံတင်မကဘဲ မျက်လုံးရဲ့အနောက်ဘက်မှာရှိတဲ့ ဦးနှောက်တဲ့ဆက်သွယ်နေတဲ့မြင်လွှာတစ်ရှူးကိုပါ ကူညီပေးပါတယ်။

ဆေးလိပ်ဖြတ်ပါ

အဆိပ်အတောက်များစွာပါဝင်တဲ့စီးကရက်ဟာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဒုက္ခပေးနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ မြင်လွှာကိုပျက်စီးစေပြီး အမြင်အာရုံကြွက်သားတွေကို အားလျော့စေပါတယ်။ ဒါကြောင့် အမြင်ဝေဝါးတာနဲ့ အမြင်အာရုံမှာ အနက်ရောင်အစက်အပြောက်တွေပေါ်လာတာမျိုး ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကတော့ ဆေးလိပ်ဟာ မြင်လွှာဆီသွားမယ့် အောက်ဆီဂျင်ပမာဏကိုလျော့စေတာဖြစ်ပြီး မျက်လုံးထဲမှာရှိတဲ့ သွေးကြောသေးသေးလေးတွေကို ပျက်စီးစေတာကြောင့်ပါ။

နေကာမျက်မှန်တပ်ပါ

အပြင်ထွက်တဲ့အခါ နေကာမျက်မှန်မပါဘဲ နေရောင်တိုက်ရိုက်ခံတဲ့အခါ မျက်လုံးဟာ UV အလင်းပမာဏအများကြီးကို ခံစားရနိုင်ပါတယ်။ ဒါဟာ သူငယ်အိမ်အပေါ်မှာ အုပ်မိုးထားတဲ့ သန့်ရှင်းတဲ့ မျက်ကြည်လွှာတစ်ရှူးကို ပျက်စီးစေနိုင်တဲ့အပြင် မျက်လုံးနားတစ်ဝိုက်မှာရှိတဲ့ နူးညံ့တဲ့အရေပြားတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

၂၀-၂၀-၂၀ စည်းမျဉ်းကိုလိုက်နာပါ

Screen တွေကို အချိန်အကြာကြီးကြည့်တဲ့အခါ မျက်လုံးအရမ်းပင်ပန်းလာတတ်ပါတယ်။ Screen သုံးချိန်တွေများခဲ့ရင် မျက်လုံးစူးအောင့်ပြီး နာကျင်လာတတ်ပါတယ်။ ရေတိုအမြင်မှုန်ဝါးမှုကိုဖြစ်စေပါတယ်။ အကြောင်းရင်းကတော့ screen တွေကြည့်တာများလွန်းတဲ့အတွက် မျက်လုံးက ခြောက်သွေ့ပြီး မသက်မသာဖြစ်လာရတာပါ။ ဒါကြောင့် လက်ပ်တော့တွေ ဖုန်းတွေသုံးတဲ့အခါ မျက်လုံးမထိခိုက်ရအောင် ပညာရှင်တွေကတော့ ၂၀-၂၀-၂၀ စည်းမျဉ်းနဲ့ပတ်သက်ပြီး ရှင်းပြထားပါတယ်။

မိနစ်၂၀ပြည့်တိုင်း ကြည့်နေတဲ့ screen ကနေ ခဏနားပြီး အဝေးကိုကြည့်ပါ။
ခဏနားနေချိန်မှာ ကိုယ်နဲ့ အနည်းဆုံးပေ၂၀အကွာမှာရှိတဲ့ အရာဝတ္ထုကို ကြည့်ပါ။
Screen ကိုပြန်မကြည့်ခင် အဲ့ဒီအရာဝတ္ထုပေါ်မှာ အနည်းဆုံး စက္ကန့်၂၀လောက် အာရုံစိုက်ပြီးကြည့်နေပါ။
တစ်ချို့ကလည်း မျက်လုံးသက်သာအောင်ဆိုပြီး screen တွေကထွက်တဲ့ အပြာရောင်အလင်းစစ်ထုတ်ပေးတဲ့ မျက်မှန်တွေတပ်ဖို့တိုက်တွန်းပါတယ်။ ဒါပေမဲ့ သုတေသနအရတော့ ဒီမျက်မှန်တွေဟာလည်း တကယ်တမ်းမှာ မျက်လုံးထိခိုက်တာကို မသက်သာစေဘူးလို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ မျက်တောင်ခတ်နှုန်း တိုးမလာတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် screen တွေအသုံးများလို့ မျက်လုံးထိခိုက်မှုတွေကိုလျှော့ချဖို့အတွက် ၂၀-၂၀-၂၀ စည်းမျဉ်းကို အသုံးပြုကြည့်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

CRD-ShweMom