မသေဆုံးခင် အမျိုးသားတစ်ဦးနဲ့အနမ်းခြွေခဲ့တဲ့ ဗီဒီယိုထွက်လာတဲ့ ဖိလစ်ပိုင်လေယာဉ်မယ်

နှစ်သစ်ကူးအကြိုညမှာ ဟိုတယ်ရေချိုးကန်ထဲသေနေခဲ့တဲ့ ၂၃နှစ်အရွယ် ဖိလစ်ပိုင်လေယာဉ်မယ် Christine Dacera ရဲ့သေဆုံးမှုဟာ လူတွေအတွက် စိတ်ဝင်စားဖွယ်အမှုတစ်ခုဖြစ်ခဲ့ပါတယ်။ သူမမသေခင် နာရီအနည်းငယ်အကြာမှာ Dacera ဟာ အမျိုးသားတစ်ယောက်နဲ့အနမ်းပေးနေတာကို စီစီတီဗီမှာတွေ့ခဲ့ရတာပါ။ ၎င်းအမျိုးသားကတော့ အခုလိုအနမ်းပေးခဲ့တဲ့ သူ့ဘက်ကအကြောင်းရင်းကို ရှင်းပြခဲ့တာကို news.com.au သတင်းအရ သိရပါတယ်။

Dacera သေဆုံးမှုနဲ့ပတ်သက်လို့ သူမနဲ့အတူနယူးရီးယားည ဟိုတယ်မှာရှိနေခဲ့တဲ့ လူ၁၁ယောက်ကို ရဲအဖွဲ့က ကနဦးမှာ ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။ အသက်၂၃နှစ်အရွယ်အမျိုးသား Valentine Rosales ကတော့ လက်ရှိမှာ Dacera သေဆုံးမှုနဲ့ပတ်သက်လို့ စွပ်စွဲချက်တင်ခံထားရတာဖြစ်ပြီး အကြောင်းရင်းကတော့ Rosales ဟာ Dacera မသေခင် သူမနဲ့ နောက်ဆုံးနမ်းခဲ့တဲ့သူ ဖြစ်နေလို့ပါ။

ဗီဒီယိုထဲမှာတော့ Rosales နဲ့ Dacera တို့ကို စင်္ကြန်တစ်ခုမှာအတူတွေ့ရပြီး သူတို့ဟာ ဟိုတယ်ခန်းတစ်ခုက တံခါးနားမှာနမ်းနေခဲ့တာဖြစ်ပါတယ်။ Rosales ကတော့ နမ်းတာဟာ Dacera ကစတင်တဲ့အနမ်းသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ထို့နောက်မှာတော့ Rosales က သူမကို ညင်သာစွာတွန်းဖယ်လိုက်တာကိုလည်း တွေ့ရပါတယ်။

“ကျွန်တော်က တံခါးဖွင့်ဖို့လုပ်တာပါ။ တံခါးဘဲလ်ကိုနှိပ်နေတာ။ ကျွန်တော့်ကို သူနမ်းခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်ရှောင်လိုက်ပါတယ်။ သူ့ကိုဘေးဘက်တွန်းလိုက်ပါတယ်။” လို့ ပြန်ဖြေထားပါတယ်။ Dacera ရဲ့နောက်ထပ်သူငယ်ချင်းတစ်ဦးကတော့ အမျိုးသမီးတစ်ယောက်က အရက်မူးနေတဲ့အချိန်မှာ သူငယ်ချင်းတွေကို လိုက်နမ်းတာက မထူးဆန်းဘူးဆိုပြီး ဖြေကြားထားပါတယ်။

Dacera သေဆုံးမှုနဲ့ပတ်သက်ပြီး အမျိုးသား၁၁ယောက်ထဲက ၃ယောက်ကို ဖမ်းဆီးထားခဲ့ပေမယ့် အချုပ်က ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ Makati မြို့ရဲ့ အစိုးရရုံးကတော့ ရရှိတဲ့သက်သေအထောက်အထားတွေကိုကြည့်ပြီး Dacera ဟာ မုဒိန်းကျင့်ခံရတယ်လို့ယူဆရတဲ့ လုံလောက်တဲ့အချက်မရှိဘူးလို့ ဆိုခဲ့တာပါ။ ရင်ခွဲမှတ်တမ်းအရတော့ သူမရဲ့ သေဆုံးမှုဟာ နှလုံးသွေးကြောပေါက်ခြင်း ruptured aortic aneurysm ကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ Dacera ရဲ့မိသားစုကတော့ Dacera ဟာ မသေဆုံးခင်မှာ မူးယစ်ဆေးတိုက်ကျွေးခံရကာ မတရားအနိုင်ကျင့်ခံရတယ်ဆိုပြီး သံသယမကင်းဖြစ်နေကြောင်းလည်း သိရပါတယ်။

CRD-ShweMom