ဆိုရှယ်မီဒီယာပေါ် ခေတ်စားလာတဲ့ လူအထင်ကြီးခံချင်သော Donations ရောဂါ

ဘယ်သူတွေကိုလှူတယ်၊ ဘယ်လောက်တောင်လှူခဲ့တယ်စတဲ့ အလှူအတန်းနဲ့ပတ်သက်ပြီး အကြွားပို့စ်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးတွေ့လာရပါတယ်။ တစ်ချို့က မိမိပြုတဲ့ကောင်းမှုကို တခြားတွေဆီဝေငှလိုတဲ့သဘောနဲ့ ပို့်စ်တင်ကြတာပါ။ တစ်ချို့ကျတော့လည်း စေတနာရှိလွန်းလို့မဟုတ်ဘဲ ဒုက္ခရောက်နေတဲ့သူတွေကိုအသုံးချချင်ရုံသက်သက်ကြောင့် အလှူအတန်းတွေလုပ်ကြပါတယ်။

Worldofbuzz သတင်းစာမျက်နှာပါ သတင်းတစ်ပုဒ်အရ လူတစ်စုဟာ HIV လူနာတွေကို ကယ်ဆယ်ကုသမှုပေးနေတဲ့ စင်တာတစ်ခုဆီ ကုန်စုံပစ္စည်းတွေလှူမယ်ဆိုပြီး ရောက်လာခဲ့ပါတယ်။ လှူတာက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက အဆိုပါလူစုဟာ သူတို့လှူတဲ့ပစ္စည်းတွေကို စင်တာမှာနေတဲ့ HIV ရောဂါသည်တွေနဲ့အတူတူ ဓာတ်ပုံရိုက်ယူချင်တယ်ဆိုပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီလူတွေက သူတို့လှူတဲ့ပစ္စည်းတွေကို စင်တာမှာရှိတဲ့သူတွေက ဝန်းရံတဲ့ဓာတ်ပုံလိုချင်တယ်ပြောပါတယ်။ စင်တာက သူတို့ကိုရှင်းပြပါတယ်။ HIV ရောဂါသည်ကို ဓာတ်ပုံရိုက်လို့မရဘူး။ သူတို့ကို အသရေဖျက်သလိုဖြစ်သွားလိမ့်မယ်။ အယောက်စီတိုင်းအပေါ် မကောင်းတဲ့အကျိုးရလဒ်တွေလည်း ရှိနိုင်တဲ့အတွက် ဓာတ်ပုံရိုက်ဖို့ဆိုတာကတော့ မေးစရာတောင်မလိုပါဘူး။”

ဒါကိုတော့ Pang Khee Teik ဆိုသူက ဖေ့စ်ဘုတ်စတိုရီမှာ ရှဲထားတာပါ။ Teik က စင်တာရဲ့အုပ်ချုပ်ရေးပိုင်းကလူတွေနဲ့ လာလှူမယ်ဆိုတဲ့ အုပ်စုကြားမှာ ပြောထားတဲ့စာ ssကိုပါ ပြခဲ့ပါသေးတယ်။ ဟိုဘက်က လူစုကတော့ HIV ရောဂါသည်တွေနဲ့ ဓာတ်ပုံရိုက်ခွင့်ပေးမှ ပစ္စည်းတွေလှူမယ်၊ နို့မိုဆိုရင် မလှူတော့ဘူးလို့ ရင့်သီးစွာပြောခဲ့တာပါ။ စင်တာကတော့ နေထိုင်သူတွေရဲ့ ပုဂ္ဂိုလ်ရေးကိုအလေးထားတဲ့အတွက် လာလှူမယ့်ပစ္စည်းတွေကိုငြင်းပယ်ခဲ့ကြောင်းသိရပါတယ်။ သူများပေးကမ်းတဲ့ပစ္စည်းရဖို့အရေး ကိုယ်မလုပ်ချင်တဲ့အရာကို လုပ်ကိုင်ဖို့အတင်းဖိအားပေးခံရတဲ့ ဒုက္ခသည်တွေရဲ့ဘဝဟာ တကယ်ကို စာနာသနားဖွယ်ပဲဖြစ်ပါတော့တယ်။

CRD-ShweMom