ရိုးသားလွန်းတဲ့ အပြုအမူကြောင့် ကားအသစ်တစ်စီး ဆုချခံခဲ့ရတဲ့ လုံခြုံရေးဝန်ထမ်းကြီး

ဒီနေ့ခေတ်ကြီးထဲမှာ လူတစ်ယောက်ကို ယုံဖို့ဆိုတာ တော်တော်လေးကို ခဲယဉ်းသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့စိတ်ဟာ တဖြည်းဖြည်း လောဘတွေနဲ့ ဖုံးလွှမ်းလာလို့ပဲ ဖြစ်ပါတယ်။ ဒီလိုပဲ လူတစ်ယောက်ရဲ့ ရိုးသားမှုဟာ တစ်သက်စားမကုန်နိုင်သလို အဲဒီရိုးသားမှုကြောင့်ပဲ ဘဝမှာ လူအများရဲ့ ယုံကြည်ချစ်ခင်ခြင်းကို ခံရမှာ မလွဲဧကန်ပါပဲ။ အခုပြောပြချင်တဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့ ရိုးသားမှုကြောင့်ကိုပဲ အများပြည်သူက ကားအသစ်ကြီးတစ်စီးဝယ်ပေးပြီး ဂုဏ်ပြုပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

အဆိုပါ ပုဂ္ဂိုလ်ကတော့ အမေရိကန်နိုင်ငံ၊ Hawaii ကျွန်းရှိ Foodland စီးတီးမတ်မှာ လုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ကိုင်နေတဲ့ Aina Townsend အမည်ရ အမျိုးသားကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Aina ဟာ ဈေးဝယ်တဲ့ လက်တွန်းလှည်းတွေကို စီနေတုန်း လက်တွန်းလှည်းတစ်ခုထဲမှာ ပိုက်ဆံအိတ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် Aina ဟာ သူ့ရဲ့ တာဝန်ချိန်ပြီးတာနဲ့ အဆိုပါ ပိုက်ဆံအိတ်ပိုင်ရှင်ကို ပြန်ပေးဖို့အတွက်၃ မိုင်ကျော်ဝေးတဲ့ အထိကို စက်ဘီးစီးပြီး လိုက်လာကာ ပိုင်ရှင်ဖြစ်သူ Chole Marino အမည်ရ အမျိုးသမီးကို ပြန်ပေးခဲ့ပါတယ်။ Aina တစ်ယောက် ပိုက်ဆံအိတ်ကို ပြန်လာပေးတဲ့အချိန်အထိ ပိုင်ရှင်ဖြစ်သူ Chole ဟာ သူမရဲ့ ပိုက်ဆံအိတ်ပျောက်တာကို မသိရှိခဲ့ပါဘူး။

Chole ဟာ သူမရဲ့ ပိုက်ဆံအိတ်မှန်းသိခဲ့တဲ့ အချိန်မှာတော့ Aina ကို တော်တော်လေး ကျေးဇူးတင်ခဲ့ပါတယ်။ ဒီလိုနဲ့ Chole ရဲ့ ခင်ပွန်းဖြစ်သူ Gray ကလည်း ဒီလောက်အဝေးကြီး စက်ဘီးစီးပြီး ပိုက်ဆံအိတ်ကို တကူးတကကြီး ပြန်လာပေးတာကြောင့် Aina ကို ဆုချဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Aina ကတော့ သူ့အနေနဲ့ ဒီအတိုင်းပိုက်ဆံအိတ်ကို ပြန်လာပေးတာဖြစ်ကြောင်း၊ သူ့အနေနဲ့ အဲဒီလိုကြီး ကျေးဇူးပြန်ဆပ်ဖို့မလိုကြောင်းပြောပြီး Gray ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုနဲ့ Gray ဟာ Aina မသိအောင် GoFundMe ပေ့ချ်မှာ Aina ရဲ့ ရိုးသားမှုအကြောင်းကို ပို့စ်တင်ခဲ့ပြီး ခရစ်စမတ်မှာ Aina အတွက် သူ့အနေနဲ့ ကားတစ်စီး လက်ဆောင်ပေးချင်ကြောင်း ရေးသားခဲ့ပြီး သူကိုယ်တိုင်ကလည်း မတည်ငွေ အမေရိကန်ဒေါ်လာ ၅,၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Aina အတွက် စုစုပေါင်း ရရှိငွေဟာ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကျော်အထိကို ရရှိခဲ့ပြီး အဆိုပါ ငွေနဲ့ပဲ VW Jetta 2017 မော်ဒယ်ကားအမျိုးအစားကို ဝယ်ပေးခဲ့ပါတယ်။

“ဒီလိုမျိုးကားဝယ်ပေးခဲ့တယ်ဆိုတာကလည်း သူကိုယ်တိုင် ကားတစ်စီး လိုအပ်နေတယ်ထင်လို့ပါ။ ကျွန်တော်သိသလောက်ကတော့ သူ့မှာ စက်ဘီးတစ်စီးတည်း ရှိတာလေ။ ဒါ့ကြောင့် ကားတစ်စီးဝယ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ Aina ဟာ တစ်ကယ်ကို ရိုးသားတဲ့ လူတစ်ယောက်ပါပဲ။ ကျွန်တော်တို့ ကားတစ်စီးဝယ်ပေးလိုက်တဲ့ အချိန်မှာတော့ သူအစက ငြင်းပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်ကော၊ ကျွန်တော့်ဇနီးကော ဝိုင်းပြောလိုက်တဲ့အချိန်မှာတော့ Aina လက်ခံခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ကိုယ်ပိုင်ကားလေးတစ်စီးရတော့ တော်တော်လေးကို ပျော်နေပါတယ်”လို့ Gray က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

CRD-Pyi Hein Kyaw