ခရီးသည်(၅၉)ယောက်ပါ အင်ဒိုလေယာဉ်တစ်စီး၊ ထွက်ခွာပြီး (၄)မိနစ်အကြာမှာ ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံမှာ ခရီးသည်တင်လေယာဉ်တစ်စီးဟာ ထွက်ခွာပြီး (၄)မိနစ်ဝန်းကျင်လောက်အကြာမှာ ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့အတွက် အာဏာပိုင်တွေရယ်၊ လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့သက်ဆိုင်ရာ မိသားစုဝင်တွေရယ်ဟာ စိုးရိမ်မှုတွေ မြင့်တက်လျှက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်ဟာ ဂျာကာတာကနေ ထွက်ခွာပြီးနောက် ပျောက်သွားတာပါ။

ပျောက်ဆုံးသွားတဲ့ ခရီးသည်တင်လေယာဉ်ဟာ Sriwijaya Air လေကြောင်းလိုင်းပိုင် လေယာဉ်ဖြစ်ပြီး၊ Boeing 737 အမျိုးအစား ဖြစ်ပါတယ်။ သိရသလောက်တော့ လူဦးရေ (၅၀)ထက်မနည်း ပျောက်ဆုံးတဲ့လေယာဉ်နဲ့အတူ ပါသွားခဲ့ပြီး၊ လက်ရှိအချိန်ထိတော့ အာဏာပိုင်တွေက ထူးခြားတဲ့ထုတ်ပြန်မှုတွေ မပြုလုပ်သေးပါဘူး။

လေကြောင်းပျံသန်းမှုတွေကို ခြေရာခံစောင့်ကြည့်နေတဲ့ Flightradar24.com ရဲ့အဆိုအရတော့ လေယာဉ်ဟာ ထွက်ခွာပြီး (၅)မိနစ်မပြည့်ခင်၊ ဝေဟင်အမြင့် ပေ(၁၀၀၀၀)မှာ ဆက်သွယ်လို့မရတော့ဘဲ ပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ အဲဒီလေယာဉ်ဟာ အနောက် Kalimantan နယ်မြေ Pontianak မြို့ကို ဦးတည်ပျံသန်းမယ့် လေယာဉ်ပါ။

တွက်ချက်မှုတွေအရ လေယာဉ်ဟာ Lancang ကျွန်းအနီး ပင်လယ်ပြင်အတွင်းမှာ ပျက်ကျခဲ့တာဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေရှိနေပေမယ့် အာဏာပိုင်တွေကတော့ ယတိပြတ်ထုတ်ပြန်မှုတွေ မပြုလုပ်နိုင်သေးပါဘူး။ Lancang ဒေသခံတံငါသည်တွေရဲ့အဆိုအရတော့ သူတို့ဟာ လေယာဉ်ရဲ့အပိုင်းအစလို့ ယူဆရတဲ့ အပျက်အစီးတချို့ကို တွေ့ရကြောင်း အင်ဒိုနီးရှား BBC ကို ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ သူတို့တစ်တွေ လမ်းကြောင်းတစ်လျှောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပြီလို့ ဆိုပါတယ်။ ၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ လေယာဉ်ရဲ့ Call Sign ဟာ SJY182 ဖြစ်ကြောင်း၊ (ဒီနေ့)ဒေသစံတော်ချိန် (၁၄း၄၀)နာရီမှာ ဂျာကာတာလေဆိပ်ကနေ ထွက်ခွာခဲ့တာလို့ ဆိုထားပါတယ်။

CRD-လင်းဇော်ကို,Ref ; BBC