ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့တဲ့ Song Joong Ki

လက်ရှိမှာတော့ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကူးစက်မှုတွေကို ရင်ဆိုင်နေရဆဲပါပဲ။ တောင်ကိုရီးယားနိုင်ငံလည်း အများနည်းတူ ကပ်ဘေးကို ရင်ဆိုင်နေရပါတယ်။ ဒီအတွက် အဓိက တာဝန်ယူပြီး ရင်ဆိုင်နေရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အကူအညီဖြစ်ဖို့လည်း ပြည်သူတိုင်းက ဝိုင်းကူညီနေကြရပါတယ်။

သရုပ်ဆောင် Song Joong Ki ကလည်း ကိုဗစ်-၁၉ ကို တိုက်ဖျက်နေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဇန်နဝါရီလ ၇ ရက်နေ့မှာ Hope Bridge National Disaster Relief Association ကနေ သရုပ်ဆောင် Song Joong Ki က ပြုလုပ်ခဲ့တဲ့ လှူဒါန်းမှုအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ ကိုဗစ်-၁၉ ကို တိုက်ဖျက်ပြီး ပြည်သူတွေကို ကာကွယ်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအားလုံးအတွက် သူတို့ဆီကို သရုပ်ဆောင် Song Joong Ki က ဒီနှစ်ဆောင်းတွင်းအတွက် ဝမ်သန်းတစ်ရာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီလှူဒါန်းမှုကနေ ရရှိတဲ့ငွေကို အခုလို ဆောင်းတွင်းကာလမှာ အပြင်ဘက်နေရာကနေ တာဝန်ထမ်းဆောင်နေရတဲ့ ဝန်ထမ်းတွေအတွက် အပူပေးကိရိယာတွေ ဝယ်ယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။

 

Song Joong Ki ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အခုလိုပဲ ဝမ်သန်းတစ်ရာ လှူဒါန်းခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ် သြဂုတ်လမှာလည်း ရေဘေးဒုက္ခသည်တွေအတွက် ဝမ် သန်း ၅၀ လှူဒါန်းခဲ့ပါသေးတယ်လို့ allkpop ကနေ ရေးသားထားခဲ့ပါတယ်။

သရုပ်ဆောင် Song Joong Ki ကတော့ လက်ရှိမှာ Space Sweepers ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီရုပ်ရှင်ကိုတော့ Netflix ကနေ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

CRD-Kham