ဒဏ်ရာဟောင်းတွေပြန်ပေါ်နေလို့ တွဲကူသူမပါဘဲ လမ်းမလျှောက်နိုင်ဖြစ်နေတဲ့ ဂျက်ကီချန်း

အက်ရှင်လောကမှာ တရှိန်ထိုးအောင်မြင်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းဟာ သူငယ်နုစဉ်ဘဝက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် အခုဆိုရင် တွဲကူသူမပါဘဲ လမ်းမလျှောက်နိုင်ဖြစ်နေကြောင်း သိရပါတယ်။ ဂျက်ကီချန်းဟာ အက်ရှင်နဲ့အတူ ဟာသပြကွက်ကလေးတွေကိုပါက တွဲဖက်သရုပ်ဆောင်လေ့ရှိတာကြောင့် ယနေ့တိုင် နာမည်ကြီးနေဆဲပါ။

သူဟာ ဇာတ်ကားတော်တော်များများရဲ့ အကြမ်းပတမ်း ဇာတ်ဝင်ခန်းတွေမှာ စတန့်အစားထိုးမငှားပဲ ကိုယ်တိုင် စွန့်စားသရုပ်ဆောင်လေ့ရှိသလို၊ တခြားသူတွေရဲ့ အထူးပြကွက်အခန်းတွေမှာတောင် အဝတ်အစားလဲပြီး ကိုယ်တိုင် စတန့်သရုပ်ဆောင်လေ့ ရှိပါတယ်။ ငယ်နုစဉ်ကတည်းက ရိုက်ကွင်းမတော်တဆမှုကြောင့် ဆေးရုံတက်ခဲ့ရတာ ခဏခဏပါ။

သူဟာ ဦးခေါင်းခွံကွဲအက်ပြီးတော့လည်း သတိမေ့ဖူးသလို၊ နံရိုးများကျိုးခြင်း၊ ခြေကျိူးခြင်း၊ လက်ကျိုးခြင်း စတာတွေလည်း မရိုးနိုင်အောင် ကြုံခဲ့ရပါတယ်။ သူရဲ့စတန့်ပြကွက်တွေကြောင့်လည်း သူ့ဇာတ်ကားတွေဟာ ထွက်တိုင်းပေါက် ဖြစ်ခဲ့တာပါ။ ဒီအကျိုးဆက်တွေရဲ့ ဘေးထွက်ဆိုးကျိုးကတော့ ငယ်မူငယ်သွေးဒဏ်ရာတွေက အခုဆို ပြန်ဒုက္ခပေးတာကို ခံနေရပါပြီ။

မင်းသားကြီး ဂျက်ကီချန်းဟာ အခုဆိုရင် အသက်(၆၆)နှစ် ရှိနေပါပြီ။ သူဟာ ဇတ်ကားပေါင်းရာနဲ့ချီ ရိုက်ကူးခဲ့သလို၊ ဝင်ငွေကလည်း ခိုင်မာခဲ့ပါတယ်။ အခုဆိုရင် သူဟာ ဒေါ်လာသန်းပေါင်း (၄၀၀)လောက်ထိ ကြွယ်ဝချမ်းသာထားပြီဆိုပေမယ့်၊ ငွေကြေးက တကယ့်တကယ်တန်းကျတော့ သူ့ရဲ့ဇရာနဲ့ အိုမင်းရင့်ရော်မှုတွေ၊ ငယ်မူငယ်သွေး ဒဏ်ရာတွေရဲ့ တိတိရိရိ တိုက်ခိုက်မှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။

ဂျက်ကီချန်းဟာ ပြီးခဲ့တဲ့ရက်က ဘေဂျင်းမှာကျင်းပခဲ့တဲ့ Wish Dragon (လိုတရနဂါးမင်း) အန်နီမေးရှင်းဇာတ်ကား မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး၊ ဒီဇာတ်ကားမှာ သူလည်း အသံသရုပ်ဆောင်အဖြစ် အားဖြည့်ထားပါတယ်။ ထူးခြားချက်က သူ ဇာတ်ရုံထဲကိုဝင်လာစဉ်မှာ လူနှစ်ယောက်က ဘေးကနေ တွဲထားရတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ခဲ့ရတာပါ။

သူဟာ Lumbar injury လို့ခေါ်တဲ့ ခါးအောက်ပိုင်းအဆစ်ဒဏ်ရာတွေ ပြန်ထနေလို့ အခုလို လမ်းလျှောက်ဖို့ အခက်အခဲ ဖြစ်နေတာပါ။ သူ့ကိုမြင်ရတော့ ပွဲကိုအတူတက်ရောက်လာကြတဲ့ ပရိသတ်ကြီးလည်း တော်တော်လေး စိတ်မကောင်းဖြစ်သွားကြသလို၊ တချို့ အံ့သြတုန်လှုပ်ဟန်တွေ ပြနေကြပါတယ်။ ဂျက်ကီဟာ (၁၉၈၆)ခုနှစ်က Armour Of God ဇာတ်ကားရိုက်ကူးစဉ်မှာ-

သစ်ပင်ကိုင်းမကြီးပေါ်ကို ကျောနဲ့ တည့်တည့် ပြုတ်ကျခဲ့ဖူုးပါတယ်။ ဒီအဖြစ်အပျက်ဟာ သူ့အတွက်တော့ ကြောက်စရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အကျိုးဆက်က ဦးနှောက်ထဲကို အရိုးစတစ်ခု ဆိုက်ဝင်ခဲ့သေးပြီး၊ ချက်ချင်းပဲ နားထဲကနေ သွေးတွေယိုသည်အထိ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဂျက်ကီကိုချစ်တဲ့ ပရိသတ်ကြီးကတော့ သူ အမြန်ကျန်းမာစေကြောင်း ဆုတောင်းနေပါတယ်။

Ref ; NST,CRD-လင်းဇော်ကို