စပါးကစားသမားသုံးယောက်နဲ့ ဝက်စ်ဟမ်းကစားသမား တယောက်တို့ ကိုဗစ်စည်းကမ်းတွေချိုးဖောက်ခဲ့

စပါးအသင်းကစားသမားသုံးယောက်နဲ့ ဝက်စ်ဟမ်းကစားသမား မန်နူရယ် လာဇီနီတို့လေးယောက်ဟာ အစိုးရက သတ်မှတ်ထားတဲ့ အဆင့် (၄)ကိုဗစ် စည်းကမ်းသတ်မှတ်ချက်ကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။ သူတို့လေးဦးရဲ့ အင်စတာဂရမ်မှာတင်ထားတဲ့ပို့စ်အရ ဒီစည်းကမ်းချိုးဖောက်ခဲ့တာကို တွေ့ရပါတယ်။

လာဇီနီနဲ့အတူတူ ရှိနေတာက လိုဆယ်လို၊ ရီဂူလွန်၊ လာမယ်လာ သုံးဦးပါ။ သူငယ်ချင်းတဦးရဲ့ နယူးရီယားပါတီမှာရှိနေတာဖြစ်ပြီး၊ အသိတယောက်က လေးယောက် အတူတူပါနေတဲ့ပုံကို တင်လိုက်ပါတယ်။ အရွယ်ရောက်နေသူ ၁၁ ယောက်၊ ကလေးနှစ်ယောက်နဲ့ သေးသေးလေးတဦးပါခဲ့ပေမဲ့ အားလုံးဟာ လန်ဒန်မှာနေထိုင်သူတွေလို့ သိရပါတယ်။

ဒါပေမဲ့ လန်ဒန်ဟာ တိုင်ယာ ၄ မှာ ပါနေတာကြောင့် ခရစ္စမတ်ကာလမှာ အိမ်တွင်း လူစုလူဝေးလုပ်ခွင့်မပေးထားပါဘူး။ လန်ဒန်မှာလုပ်ခွင့်မပေးထားပေမဲ့ နိုင်ငံရဲ့ တခြားနေရာတွေမှာ မိသားစုဝင်တွေအပါဝင် မိသားစု ၃ ခုအထိ အတူတူရှိနေခွင့်ပေးထားပါတယ်။ ကိုဗစ်ကူးစက်မှုတွေ ဆိုးရွားနေတဲ့ လန်ဒန်မှာ မိသားစုနှစ်စုတောင် အိမ်မှာအတူတူရှိခွင့်မပေးထားပါဘူး။

ဒီအချိန်မှာ မိသာစု ငါးစုနီးပါး အတူတူတွေ့ခဲ့တဲ့ စပါးအသင်းသားသုံးယောက်နဲ့ ဝက်စ်ဟမ်းကစားသမားတယောက်ဟာ ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ အခုလို ကိုဗစ်စည်းမျဉ်းတွေသာ ချိုးဖောက်ခဲ့ရင် စပါးအသင်းသားတွေအနေနဲ့ အစိုးရကချမှတ်တဲ့ ပြစ်ဒဏ်တွေကို ခံရဖို့ရှိနေပါတယ်။ စပါးအသင်းကတော့ အဖြစ်အပျက်နဲ့ပတ်သက်လို့ ဖြေရှင်းချက်မထုတ်ပြန်ထားပါဘူး။

နောက်ဆုံးကစားခဲ့တဲ့စပါးရဲ့ပွဲစဉ်မှာတော့ ရီဂူလွန်ကို အရန်စာရင်းထဲမှာ ထည့်ထားတာတွေ့ရတဲ့အတွက် စပါးအနေနဲ့ အထက်က ညွှန်ကြားချက် တခုမှမရသေးဘူးလို့ မှတ်ရပါတယ်။ စပါးအနေနဲ့ နောက်ဆုံးပွဲစဉ်မှာ လိဒ်ကို (၃-ဝ)နဲ့ အနိုင်ရထားခဲ့ပါတယ်။

CRD-AZ-SportsGabar