ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ အစ္စရေးဆယ်ကျော်သက်မလေး

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်မလေး Yael Shelbia ကတော့ ပြိုင်ဘက်အလှမယ်တွေကို ကျော်ဖြတ်ပြီး၊ ကမ္ဘာ့အလှဆုံးမျိုးသမီးအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ လက်ရှိအချိန်မှာ စစ်မှုထမ်းနေတဲ့ Yael ဟာ တက်သစ်စမော်ဒယ်၊ မင်းသမီးအဖြစ် အနုပညာလုပ်ငန်းတွေမှာ စတင်အရှိန်ယူနေသူပါ။

Shelbia ဟာ TC Candler ကနေ ထုတ်ပြန်တဲ့ 100 Most Beautiful Faces of the Year စာရင်းမှာ ထိပ်ဆုံးကနေ အမှတ်အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပြီးနောက်၊ ကမ္ဘာ့အလှဆုံးအမျိုးသမီးဆုကို ထိုင်ထိုင်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။ သတင်းမှာတော့ သူမဟာ တစ်ကမ္ဘာလုံးက အလှမယ်တွေကို ကျော်ဖြတ်ခဲ့တာလို့တောင် ဖော်ပြထားပါတယ်။

Shelbia ဟာ အင်စတာဂရမ်ပရိသတ် (၁)သန်းလောက် ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ အစ္စရေးရဲ့စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လေတပ် တပ်ခွဲတစ်ခုမှာ တာဝန်ထမ်းဆောင်နေရပါတယ်။ သူမဟာ ယခင်ကလည်း ကမ္ဘာကျော်မော်ဒယ် Kim Kardashian ရဲ့ KKW Beauty ကမ်ပိန်းမှာ ပါဝင်ခွင့် ရဖူးသူပါ။

TC Landler ဟာ ဒီကြေညာမှုကို အွန်လိုင်းကနေပဲ တင်ဆက်ခဲ့တာဖြစ်ပြီး၊ ဆုကြေညာခြင်းမတိုင်မီ ပရိသတ်တွေ စိတ်ကြိုက်မဲပေးရွေးချယ်ထားတဲ့ မော်ဒယ်တွေကို စုစည်းဖော်ပြပြီးနောက်မှ အမှတ်အများဆုံးနဲ့ ကမ္ဘာ့အလှဆုံးသရဖူကို ရရှိတဲ့မော်ဒယ်ရဲ့အမည်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်မှာ အစ္စရေးအခြေစိုက် အဝတ်အထည်ကုမ္ပဏိ Renuar ရဲ့ မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။

ဒီအလှဆုံးအမျိုးသမီးအဖြစ် ရွေးချယ်ခံလိုက်ရလို့ Shelbia က သူမရဲ့ လူမှုကွန်ရက်အင်စတာဂရမ်မှာ ကျေးဇူးတင်ကြောင်း ရေးခဲ့ပါတယ်။ ” ကျွန်မနှလုံးသားနဲ့ရင်းပြီး အကြွင်းမဲ့ တန်ဖိုးထားပါတယ် … “လို့ ပြောခဲ့ပါတယ်။ သူမဟာ ယခင်ရွေးချယ်ပွဲတွေတုန်းကတည်းက အခြေအနေကောင်းတွေကို တစ်နှစ်ပြီးတစ်နှစ် ပိုင်ဆိုင်ခဲ့တာပါ။

(၂၀၁၇)ခုနှစ်မှာ အဆင့်(၁၄)နေရာကို ချိတ်ခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်မှာ တတိယနေရာ ချိတ်ခဲ့ပြီး၊ (၂၀၁၉)မှာတော့ ဒုတိယနေရာကို ချိတ်ခဲ့ပါတယ်။ (၂၀၂၀)ခုနှစ်မှာတော့ သူမ မျှော်လင့်ထားတဲ့ အမက်မောရဆုံး ဂုဏ်ထူးဝိသေသကြီးကို ရရှိခဲ့ပါတော့တယ်။ သူမက ” ကျွန်မဟာ ဘယ်တုန်းကမှ နံပတ်(၁)ဆိုတာ မဖြစ်ဖူးဘူး … ဒါက သိပ်ကို ပျော်စရာပါဘဲ “လို့ Channel 12 ရဲ့မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

အခုပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း (၄၀)ကျော်က အလှမယ်ရာနဲ့ချီ ဝင်ပြိုင်ခဲ့ကြတာပါ။ နယူးယောက်ခ်ပို့စ်သတင်းစာမှာတော့ Shelbia ဟာ အသက်(၃၅)နှစ်အရွယ် သန်းကြွယ်သူဌေး Brandon Korff နဲ့ တွဲခုတ်နေတယ်လို့ ဆိုထားပါတယ်။ Korff ဟာ ဘီလျံနာသူဌေးကြီး Sumner Redstone ရဲ့ မြေးဖြစ်ပြီး၊ ဒီလို ရှေ့ဆင့်နောက်ဆင့် သတင်းဖော်ပြခဲ့မှုက Shelbia ရဲ့ အောင်မြင်မှုကို ရိုက်ချိုးလို၍လားဆိုပြီး မေးခွန်းထုတ်နေသူတွေလည်း ရှိနေပါတယ်။

Ref ; The Sun,CRD-လင်းဇော်ကို