ကောင်မလေးတစ်ယောက်တည်းကိုပဲ ညီတူညီမျှ ချစ်နေမိတဲ့ သူငယ်ချင်းနှစ်ယောက်

ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းသင်းခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ တိုက်ဆိုင်စွာပဲ ကောင်မလေးတစ်ယောက်တည်းကိုသာ နှစ်ယောက်စလုံး ညီတူညီမျှ ပြိုင်တူ ချစ်ခဲ့မိကြပါတယ်။ ကောင်မလေးကလည်း နှစ်ယောက်စလုံးကို ချစ်အဖြေ ပြန်ပေးခဲ့တာကြောင့် အခုဆိုရင် သူတို့ရဲ့ 2 in 1 ဇာတ်လမ်းလေးဟာ လူစိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

ကောင်မလေးကလည်း နှစ်ယောက်စလုံးနဲ့ ညီမျှစွာ အတူနေပေးပါတယ်။ သူငယ်ချင်းနှစ်ယောက်စလုံးဟာ ဒီကောင်မလေးကို ဘယ်သူက ပိုချစ်တယ်ဆိုတာ ငြင်းခုန်ဖို့မလိုအောင် တစ်ယောက်ထက်တစ်ယောက်က ပိုဂရုစိုက်ပြနေကြသလို၊ ကောင်မလေးကလည်း သူတို့နှစ်ယောက်စလုံးကို တူညီစွာ ချစ်တယ်လို့ ဆိုပါတယ်။ အခု သူတို့တစ်တွေ ပထမဆုံးကလေး ရယူတော့မှာပါ။

 

သူတို့သုံးယောက်ရဲ့အကြောင်းက စိတ်ဝင်စားစရာပါ။သူငယ်ချင်းနှစ်ဦးရဲ့ အမည်တွေကတော့ Dino De Souza နဲ့ Saulo Gomes တို့ဖြစ်ပြီး အသက်(၃၀)နှစ်စီ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး ဘရားဇီးက ဇာတိအတူတူ၊ အိမ်နီးနားချင်း သူငယ်ချင်းကောင်းတွေပါ။ ကောင်မလေးအမည်ကတော့ Olga ဖြစ်ပါတယ်။ အသက်(၂၇)နှစ်ဖြစ်ပြီး ဘီလာရုဇ်နိုင်ငံသူပါ။

သူတို့တစ်တွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ(၁၉)ရက် အားလပ်ရပ်ခရီးစဉ်မှာ ချစ်စရာကောင်းတဲ့ Olga နဲ့ ဘာစီလိုနာမှာ ဆုံခဲ့ကြတာပါ။ သုံးဦးသား ရှေးရေစက်ကြောင့် မြင်မြင်ချင်း ရင်းနီးသွားကြပါတယ်။ Olga ကလည်း သူငယ်ချင်းတွေနဲ့ အတူတူလာခဲ့တာပါ။ သုံးယောက်သား နည်းနည်းလေး အချစ်ရေးဘက်မှာ ပြေလည်တော့-

အပြင်ကို ဒိတ်ဖို့အတွက် Dino ကလည်း Olga ကိုပဲ ခေါ်ချင်ခဲ့တာဖြစ်သလို၊ Gomes ကလည်း Olga ကလွဲပြီး တခြားဘယ်သူနဲ့မှ မဒိတ်ချင်ဘူးလို့ အဖြေထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် သူတို့ ရေရှည်ခိုင်မြဲခဲ့တဲ့ ဆက်ဆံရေးကို အထိအခိုက်မခံလိုတဲ့အတွက် Olga ကို နှစ်ယောက်သား အပြိုင်ပိုးကြပါတယ်။

အဆင်ပြေချင်တော့ ကောင်မလေးကလည်း နှစ်ယောက်စလုံးကို မေတ္တာတူမျှနေတဲ့အတွက် (၃)ယောက်သား အတူတူ Date ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်သား မကြာမီမှာ ချစ်သူတွေဘဝကို ရောက်ရှိခဲ့ပါတော့တယ်။ သူတို့အတွေးမှာတော့ 2 in 1 ချစ်သူတွေ ဖြစ်လာမယ်လို့ မထင်ခဲ့ပါဘူး။ Olga က တစ်ယောက်ပဲ ရွေးမယ်လို့ ထင်ခဲ့တာပါ။

အရွေးမခံရသူက နောက်ဆုတ်ကြေးဆိုပေမယ့် ကံကြမ္မာက သူတို့သူငယ်ချင်းကြားမှာ အညီအမျှ အခွင့်အရေးပေးခဲ့ပါတယ်။ သူငယ်ချင်းတွေ မိသားစုဝင်တွေ မိတ်ဆွေတွေကတာ့ ဒီကိစ္စကို အခုအချိန်ထိ နားလည်ပေးဖို့ ကြိုးစားနေကြပါသေးတယ်တဲ့။ အခုဆို သူတို့ တစ်နှစ်ခွဲလောက် အတူတူ ရှိနေခဲ့ကြပြီးပါပြီ။ သူတို့ကို ပတ်ဝန်းကျင်က သိပ်မကြည်ကြပါဘူး။

ဒါကြောင့် သူတို့ဟာ ဇာတိနိုင်ငံတွေမှာ မနေကြဘဲ ပြင်သစ်က တူးလော့စ်မှာ အိမ်ကလေးတစ်လုံး ငှားနေခဲ့ကြတာပါ။ အနာဂတ်မှာ သူတို့တစ်တွေ သားသမီးတွေ ဆက်တိုက်ယူမယ်လို့လည်း ဆိုပါတယ်။ အခုအချိန်မှာ အများက ဝေဖန်နေကြပေမယ့် သူတို့အချစ်တွေကို ရပ်တန့်သွားအောင် တာဆီးတာမျိုးတော့ မလုပ်နိုင်ဘူးလို့ Dino က ပြောခဲ့ပါတယ်။

Ref ; Mirror,CRD-လင်းဇော်ကို