(၇)နှစ်အရွယ်မှာပင် လေယာဉ်မောင်းတတ်နေလို့ ‘ကပ္ပတိန်’အခေါ်ခံနေရတဲ့ကောင်လေး

အသက်(၇)နှစ်အရွယ်မှာပင် လေယာဉ်မောင်းတတ်နေလို့ သတင်းမီဒီယာတွေနဲ့ ဒေသခံတွေက ကပ္ပတိန်လို့ အခေါ်ခံနေရတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ သူ့အမည်ကတော့ Graham Shema ဖြစ်ပါတယ်။ သူ့ကို ချစ်စနိုးနဲ့ခေါ်တဲ့နာမည်ကတော့ ကပ္ပတိန်ဂရေဟမ်ပါ။ သူဟာ ငယ်ငယ်ရွယ်ရွယ်မှာပဲ လေကြောင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေမှာ ပါရမီထူးခဲ့ပါတယ်။

အခုဆိုရင် သူဟာ ပြည်တွင်းရုပ်သံအစီအစဉ်တွေမှာ ရေပန်းစားခံနေရပြီး၊ ဂျာမန်သံအမတ်ကြီးကပါ တွေ့ဆုံဖို့ ဖိတ်ခေါ်တာမျိုးတွေ၊ ယူဂန်ဒါပြည်တွင်း ပို့ဆောင်ရေးဝန်ကြီးကပါ ဖိတ်ခေါ်တာမျိုးတွေ ရှိလာခဲ့ပါတယ်။ Shema ဟာ ယူဂန်ဒါရဲ့ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် ဖြစ်ပါတယ်/ သူဟာ အခုဆိုရင် Cessna 172 လေယာဉ်ကို (၃)ကြိမ်အထိ မောင်းခွင့် ရထားပြီးပါပြီ။

Cessna 172 လေယာဉ်ဆိုတာ အင်ဂျင်တစ်လုံးတပ်၊ လေဦးဆန့်အပေါ့စား လေယာဉ်ငယ်မျိုး ဖြစ်ပြီး၊ သာမန်အားဖြင့်တော့ လေယာဉ်တစ်စီးကို ထိန်းချုပ်မောင်းနှင်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ Shema ကတော့ အခုမှ လေယာဉ်ထိန်းချုပ်ခန်းကို စဝင်ရတာဆိုပေမယ့် ပျံသန်းမှုစကေးအပိုင်းမှာ အံ့သြဖို့ကောင်းလောက်အောင် တော်တယ်လို့ ဆိုပါတယ်။

Shema ဟာ အသက်ငယ်သေးပေမယ့် ရည်မှန်းချက် ကြီးမားစွာ ထားရှိသူပါ။ သူဟာ နောင်တစ်ချိန်မှာ အာကာသယာဉ်မှူးတစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့ဘဝအတွက်စံပြပုဂ္ဂိုလ်ကတော့ Elon Musk ပါတဲ့။ Elon Musk ကို ဘာလို့အားကျတာလဲဆိုတော့ သူ့ဆီကနေ အာကာသနဲ့ပတ်သက်တဲ့ အကြောင်းတွေ သင်ယူချင်လို့ပါလို့ ပြောပါတယ်။

Elon Musk နဲ့အတူအာကာသကိုလည်း သွားလိုပြီး၊ သူနဲ့ လက်ဆွဲနှုတ်ဆက်နိုင်ရေးဟာ သူရဲ့အိပ်မက်ပါလို့ ပြောပါတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Shema ကို Entebbe International Airport မှ သူရဲ့သင်တန်းနည်းပြက CRJ9000 လေယာဉ်ရဲ့ အလုပ်လုပ်ပုံကို မေးမြန်းခဲ့ရာ၊ သူက ချက်ကျလက်ကျရှင်းပြနိုင်ခဲ့ပါတယ်။

Shema ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အလွန်ထက်မြတ်သူ ဖြစ်ပါတယ်။ သူ့ကို ဒီထက်ပိုကောင်းတဲ့ မြေတောင်မြှောက်ပင့်မှုမျိုး လိုအပ်နေပြီး ယူဂန်ဒါ တာဝန်ရှိသူတွေကလည်း ကလေးရဲ့ အခြေအနေကို အနီးကပ်လေ့လာကာ သင့်ရာ အပ်ပို့ဖို့ စဉ်းစားနေကြတယ်လို့ သိရပါတယ်။ Shema အနေနဲ့ သူ့အိပ်မက်ထဲကအတိုင်း SpaceX တည်ထောင်သူ Musk နဲ့ တွေ့ခွင့်ရမလားဆိုတာကတော့ သူ့ကံကြမ္မာပေါ် မူတည်နေပါတယ်။

Ref ; Businesstoday,CRD-လင်းဇော်ကို