ဝူဟန်ဗိုင်းရပ်စ်အကြောင်း ကမ္ဘာကိုအရင်ဆုံးအသိပေးခဲ့တဲ့ တရုတ်ဂျာနယ်လစ် ထောင်(၄)နှစ်ကျ

တရုတ်နိုင်ငံ၊ ကိုဗစ်ကပ်ဦးအစပိုင်း အာဏာပိုင်တွေက ရောဂါအကြောင်းကို ဖုံးဖိနေချိန်မှာ ကမ္ဘာကသိအောင် အသိပေးခဲ့တဲ့ တရုတ်ဂျာနယ်လစ်တွေ မြောက်များစွာ ရှိခဲ့ပါတယ်။ ဆိုရရင် အဆိုပါ ဂျာနယ်လစ်တွေကို သက်ဆိုင်ရာက အမြန်ဖမ်းဆီးခဲ့ပြီး၊ တချို့ဆို အခုအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရကြသေးပါဘူး။တချို့ကတော့ ကြီးလေးတဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံထားရပါပြီ။ အခုလည်း ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Zhang Zhan တစ်ယောက် တစ်နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရရာမှ ထောင်ဒဏ်(၄)နှစ်အထိ ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ သူမကို အာဏာပိုင်တွေက အငြင်းပွားစရာကိစ္စရပ်များ ဖန်တီးမှုနဲ့၊ ကျဉ်းထဲကျပ်ထဲဖြစ်အောင် ကြံစည်မှုစတဲ့ပုဒ်မတွေနဲ့ အရေးယူခဲ့တာပါ။

Zhang ဟာ အသက်(၃၇)နှစ်ဖြစ်ပြီး၊ သူမအနေနဲ့ ဒီလိုလုပ်ရင် ကွန်မြူနစ်အစိုးရက အရေးယူမယ်ဆိုတာ သိသိကြီးနဲ့ ကမ္ဘာကို တင်ပြခဲ့တာပါ။ သူမဟာ အရေးယူခံရတဲ့ ဂျာနယ်လစ်တွေထဲမှာ အဦးဆုံးဖြစ်ခဲ့ပြီး၊ သူမတင်တဲ့ သတင်းတွေထဲမှာ ဆေးရုံးဆေးခန်းတွေမှာ ကိုဗစ်လူနာတွေ ပြည့်နေတဲ့ပုံတွေ၊ နေ့ခင်းကြောင်တောင် တစ္ဆေခြောက်နိုင်တဲ့ ခြောက်ကပ်တိတ်ဆိတ်နေတဲ့ လမ်းပုံတွေ-ဖြစ်ပြီး၊ ကမ္ဘာကြီး လွတ်အောင်ပြေးတော့ဆိုတဲ့ စကားဟာ တရုတ်အာဏာပိုင်တွေအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ဝူဟန်ကူးစက်မှုအကြောင်းကို ရက်ပေါင်းများစွာ သိုသိပ်ထားခဲ့ပေမယ့်၊ ရဲ့ရင့်တဲ့ ဂျာနယ်လစ်တွေ၊ အမှန်တရားကို ချစ်မြတ်နိုးသူတွေကြောင့် ကမ္ဘာက တက်နိုင်သမျှ စောသိခွင့်ရသလောက် သိခဲ့ပါတယ်။

Zhang ရဲ့ရှေ့နေ Ren Quanniu ကတော့ ပြစ်ဒဏ်ဟာ ကြီးလေးလွန်းတာကြောင့် အယူခံဝင်မယ်လို့ ဆိုပါတယ်။ သူက ” သူမကတော့ သူမရဲ့ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ပြောဆိုခွင့်ကို ဖော်ပြခဲ့ရုံသက်သက်ပါ”လို့ ပြောပါတယ်။ တရုတ်နိုင်ငံမှာ ကူးစက်မှုနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ဆင်ဆာဖြတ်တောက်မှုတွေ ရှိနေပြီး၊ ယခုလည်း ပေါ်ပေါ်ထင်ထင် ရှိမနေသေးပါဘူး။ကျွမ်းကျင်ပညာရှင်များရဲ့ သုံးသပ်မှုအရ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်မှုဟာ စာရွက်ပေါ်မှာဖော်ပြထားတဲ့ စာရင်းဇယားထက် နှစ်ဆလောက် ပိုများမယ်လို့ ဆိုနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကပ်ရောဂါအသွင် ဖြစ်လာခဲ့တာဟာ ကမ္ဘာကြီးမှာ လုံလောက်တဲ့ပြင်ဆင်ချိန် ရခဲ့ပါလျှက် ဖြုန်းတီးခဲ့လို့ဆိုပြီး တခြားရှုထောင့်တွေကနေ သုံးသပ်နေသူတွေလည်း ရှိပါတယ်။

ကမ္ဘာကြီးဟာ ပြင်ဆင်ချိန်တွေ ရက်ပေါင်းများစွာကို ဖြုန်းတီးခဲ့ပြီး၊ WHO ကိုယ်တိုင်ကလည်း ပျက်ကွက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲသူတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် ကူးစက်ခံရသူ တစ်သိန်းကျော်လောက်ရောက်မှာ ကမ္ဘာ့ကပ်ရောဂါလို့ ကြေညာခဲ့တာဖြစ်ပြီး၊ ကမ္ဘာကြီးကို ကြိုတင်ပြင်ဆင်ဖို့ရယ်၊ ဗိုင်းရပ်စ်ရဲ့ အခြေခံဇစ်မြစ် ဘယ်ကလာသလဲဆိုတာရယ်၊သို့တည်းမဟုတ် တရုတ်နိုင်ငံက ဗိုင်းရပ်စ်စတင်ခဲ့တာဖြစ်ကြောင်း ကြေညာဖို့ကို ပျက်ကွက်ခဲ့ပြီး၊ အခုလည်း ပျက်ကွက်ဆဲ ကိစ္စတွေ မြောက်များစွာ ရှိနေတယ်လို့ ထောက်ပြဝေဖန်သူတွေ ရှိပါတယ်။ အမေရိကန်သမ္မတထရမ့်ကတော့ WHO အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး၊ ရံပုံငွေထည့်ဝင်မှုကို ဆိုင်းငံ့လိုက်ပါတယ်။ ဒါပေမယ့် ဂျိုူးဘိုင်ဒန်ကတော့ အဖွဲ့ဝင်အဖြစ် ပြန်ဝင်မှာလို့ သိရပါတယ်။

Ref ; DailyMail,CRD-လင်းဇော်ကို