ကိုဗစ်ကာကွယ်ဆေးထိုးပြီး မကြာမီမှာပဲ ကိုဗစ်ကူးစက်ခံရတဲ့ သူနာပြုတစ်ဦး

နာမည်ကြီးနေတဲ့ ကိုဗစ်ကာကွယ်ဆေး Pfizer ကို ထိုးသွင်းမှုခံယူခဲ့တဲ့ သူနာပြုဆရာတစ်ဦးကတော့ ဆေးထိုးပြီးမကြာမီမှာပဲ ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ သူနာပြုဆရာရဲ့အမည်ကတော့ Matthew W ဖြစ်ပြီး၊ အသက်(၄၅)နှစ်ပါ။ သူဟာ ဆန်ဒီယေဂိုမြို့မှာ နေထိုင်ပါတယ်။ ဒီဇင်ဘာ(၁၈)ရက်က ကိုဗစ်ဆေးထိုးသွင်းမှု ခံယူခဲ့သူပါ။

ABC သတင်းဌာနက Matthew ဆက်သွယ်မေးမြန်းခဲ့ရာ၊ ဆေးထိုးတာရဲ့ ဘေးထွက်ဆိုးကျိုးကတော့ လက်မောင်းတစ်ခုလုံး စူးစူးအောင့်အောင့် နာကျင်တာကလွဲရင် ဘာမှမရှိဘူးလို့ ဆိုပါတယ်။ ပညာရှင်တွေကတော့ သူ့မှာကိုဗစ်ရှိနေတာရဲ့ ဖြစ်နိုင်ဖွယ်အချက်တွေကို သုံးသပ်နေကြပါတယ်။ ဆေးထိုးပြီးနောက် ကိုဗစ်ကူးစက်ခံရတာလို့ မယူဆမိကြောင်း-

ဆေးအာနိသင် မပြသေးချိန်မှာ ကိုဗစ်ကူးစက်တာ ဖြစ်နိုင်သလို၊ ဆေးမထိုးခင်ကတည်းက ကိုဗစ်က ကူးစက်ထားတာလည်း ဖြစ်နိုင်ကြောင်း သူက သုံးသပ်ထားပါတယ်။ အရေးပေါ်ဌာနမှ သူနာပြုတာဝန်ထမ်းဆောင်နေတဲ့ Matthew ဟာ ဆေးထိုးပြီး (၆)ရက်အကြာ၊ ဒီဇင်ဘာ (၂၄)ရက်မှာ နှာစေးခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်းတွေ ဖြစ်လာခဲ့လို့ ဆေးစစ်ခဲ့ရာ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာပါ။

သူရဲ့ ဖြစ်အင်အကျိုးဆက်ကြောင့် အခြားသတင်းမီဒီယာတချို့က ကိုဗစ်ဆေးရဲ့ အာနိသင်ကို သံသယရှိကြောင်း ရေးသားဖော်ပြမှုတွေ ရှိလာခဲ့ပါတယ်။ ဆန်ဒီယေဂိုမြို့ Family Health Centers မှ ဒေါက်တာ Christian Ramers က Pfizer ဆေးဟာ ထိုးသွင်းပြီး၊ ဆယ်ရက်ကနေ (၁၄)ရက်လောက်ကြာမှာ အာနိသင်စပြကြောင်း

(၁၄)ရက်နောက်ပိုင်းမှ အပြည့်အဝ ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း ဒါကြောင့် ဆေးထိုးသွင်းပြီးရင်တောင် မက်စ်တပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်းတို့ကို ဆက်လုပ်နေရမယ်လို့ KGTV သတင်းနဲ့တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။ သို့ပေမယ့် ဝေဖန်သူအချို့က “ဒါ့ဖြင့် ဘာတွေ ပိုထူးခြားလို့လဲ”ဆိုပြီး ထောက်ပြနေကြပါတယ်။

ဆေးစထိုးသွင်းရက်နဲ့ (၁၄)ရက်မတိုင်ခင်အတွင်းမှာ ပိုးကူးစက်ခံရနိုင်တယ်ဆိုရင် သာမန်ဆေးနဲ့မခြားဘူးလို့ သုံးသပ်သူတွေလည်း ရှိလာခဲ့ပါတယ်။ အကယ်၍ ကိုဗစ်ကူးစက်ခံထားရပါလျှက်နဲ့ ဆေးထိုးသွင်းတယ်၊ ပိုးက (၆)ရက်ကြာတာတောင် ပျောက်မသွားသေးဘူးဆိုရင်လည်း ဒါက ဆေးရဲ့ အားနည်းချက်ပင်ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

သိရသလောက်တော့ Pfizer ဆေးကို ထိုးသွင်းပြီးနောက် ဆယ်ရက်ကနေ (၁၄)ရက်အတွင်းမှာ နောက်ထပ်ဆေးတစ်လုံး ထပ်ထိုးဖို့လိုကြောင်း၊ ဒါမှသာလျင် ဆေးက အဲဒီလူကို အပြည့်အဝ ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း ဆိုထားပါတယ်။ ပထမဆေးက လူကို (၅၀)%သာ အကာအကွယ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ နောက်ထပ်ဆေးက လူကို (၉၅)%အထိ အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။

Ref ; ABC-News,CRD-လင်းဇော်ကို

(မှတ်ချက် – ABC သတင်းတွင် ဖော်ပြထားသည့် Nurse tests positive for COVID-19 shortly after getting vaccinated ကို ကိုးကားဖော်ပြထားခြင်း ဖြစ်ပါသည်။)