သတို့သမီးမှာ ကိုဗစ်ကူးထားလို့ အပေါ်ထပ်အောက်ထပ် ပေ(၃၀)ခွာပြီး မင်္ဂလာပွဲကျင်းပခဲ့တဲ့စုံတွဲ

အမေရိကန်နိုင်ငံက စုံတွဲတစ်တွဲဟာ မင်္ဂလာပွဲမတိုင်မီ၊ သတို့သမီးလောင်းမှာ ကိုဗစ်ကူးစက်ခံထိသွားတဲ့အတွက် အခက်ကြုံခဲ့ရပါတယ်။ မင်္ဂလာပွဲအတွက် ကိုဗစ်စည်းကမ်းနဲ့အညီ ဆောင်ကျဉ်းဖို့ စီစဉ်ထားပြီးသားဖြစ်နေလို့ ဖြတ်သိမ်းဖို့ကလည်း နောက်ကျခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအနေကပဲ သူတို့ကို ပိုပြီး နာမည်ကြီးစေခဲ့တာပါ။

သူတို့တစ်တွေဟာ မင်္ဂလာပွဲကို သတ်မှတ်ထားတဲ့ရက်နဲ့ အချိန်အတိုင်း ကျင်းပခဲ့ပါတယ်။ သတို့သားနဲ့ သတို့သမီးတို့ဟာ အတူတူပေါင်းစပ်ပြီး မင်္ဂလာကျမ်းကျိန်လွှာ မဆိုနိုင်ခဲ့သော်လည်း ဖဲကြိုးကိုကိုင်ပြီး အတူုတူသစ္စာဆိုကာ အကြင်ဇနီးမောင်နှံအရာကို ရောက်ခဲ့ပါတယ်။ သတို့သမီးက အပေါ်ထပ်ကနေ ဖဲကြိုးတစ်စကို ကိုင်ထားပြီး-

သတို့သားက မြေညီထပ်ကနေ ဖဲကြိုးကိုကိုင်ကာ မင်္ဂလာကတိသစ္စာပြုခဲ့ကြတာပါ။ သူတို့တစ်တွေဟာ ယခင်လည်း အကြောင်းအမျိုးမျိုးကြောင့် မင်္ဂလာပွဲစီစဉ်ထားမှုတွေကို အကြိမ်ကြိမ် ဖြတ်သိမ်းခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ သူတို့ဟာ ဘယ်လိုနည်းနဲ့မှ အပျက်မခံနိုင်ဘူးလို့ စိတ်ပိုင်းဖြတ်ခဲ့ကြတာပါ။ ဒါပေမယ့် သတို့သမီးမှာ မမျှော်လင့်ဘဲ ကိုဗစ်ကူးစက်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့ နောက်မဆုတ်ဘဲ မင်္ဂလာဆောင်နိုင်ခဲ့ကြပါတယ်။ သူတို့ဟာ ကယ်လီဖိုးနီးယား အခြေစိုက်နေထိုင်သူတွေဖြစ်ကြပြီး၊ သတို့သားနာမည်ကတော့ Patrick Delgado ဖြစ်ပါတယ်။ သတို့သမီးနာမည်ကတော့ Lauren Jimenez ပါ။ သူတို့ဟာ နိုဝင်ဘာနှောင်းပိုင်းမှာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြရာ၊ အခုလို အခက်အခဲတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

သတို့သမီး Lauren က ” ဒီတစ်ခါတော့ ဘယ်လို အကြောင်းနဲ့မှ ကျွန်မတို့ မင်္ဂလာပွဲကို အပျက်မခံတော့ပါဘူး … သူနဲ့ ကျွန်မ ကတိသစ္စာတွေ အပြန်အလှန် ဖလှယ်နိုင်ခဲ့ပါပြီ … “လို့ ပြောပါတယ်။ ကိုဗစ်ကူးစက်ခံရတော့ အလွန်ဝမ်းနည်းခဲ့ရပေမယ့် သူမရဲ့ခင်ပွန်းလောင်းက အပြည့်အဝ ထောက်ခံအားပေးခဲ့ပါသတဲ့။ ကိုဗစ်ပျောက်ရင်တော့ သူတို့ အတူတူ ရှိနေခွင့် ရမှာပါ။

သူတို့ မင်္ဂလာဆောင်ကို အထူးဧည့်သည်တော် (၁၀)ဦးသာ ဖိတ်ကြားခဲ့ပါတယ်။ သူတို့မင်္ဂလာပွဲကို လမ်းသွားလမ်းလာတွေကလည်း အထူးစိတ်ဝင်တစား ရပ်ကြည့်ကြပါသတဲ့။ မင်္ဂလာပွဲကို အနှောက်အယှက်ဖြစ်မှာစိုးလို့ ဒီမတိုင်ခင် သွားလေရာ Mask တပ်၊ လက်ဆေးခဲ့ပေမယ့် သူမမှာကိုဗစ်ကူးစက်ခဲ့လို့ အံ့သြမိတယ်လို့-

Lauren က ပြောပါတယ်။ သူတို့ဟာ ချစ်သက်တမ်း (၄)နှစ်ရှိနေပါပြီ။ (၂၀၁၉)ခုနှစ် မေလမှာ စေ့စပ်ခဲ့ပြီး၊ နောက်နှစ်မှာပဲ လက်ထပ်ခဲ့တာပါ။ သူတို့တစ်တွေ ခွင့်ပြုမိန့်တင်ထားတဲ့ မင်္ဂလာပွဲရက်ကလည်း ဒီနေ့မှမလုပ်ရင် နောက်ထပ် ရက်ရဖို့ စောင့်ရကောင်း စောင့်ရနိုင်တယ်လို့ သိရပါတယ်။ ဒီလိုမင်္ဂလာဆောင်ဖို့ Disney ဇာတ်ကားတစ်ခုဆီကနေ အကြံရခဲ့တာလို့ Lauren က ပြောပါတယ်။

Ref ; IndianExpress,crd-လင်းဇော်ကို