ဇာတိမြေရဲ့လေတွေကို ဘူးထဲထည့်ပြီး အိမ်လွမ်းသူတွေဆီ ရောင်းချနေတဲ့ကုမ္ပဏီ

ဇာတိမြေရဲ့လေဟာ နယ်ခံသမားတွေအတွက်တော့ အတော်လေးကို အရေးပါပါတယ်။ ကိုယ့်ဇာတိရပ်ရွာကို ပြန်ရောက်ပြီဆို မိုးတဖြောက်ဖြောက်ကြောင့် ရတဲ့ မြေသင်းနံ့ဟာ မက်မောစရာအကောင်းဆုံး အနံ့တွေထဲမှာ ပါဝင်ပါတယ်။ ဒီလိုပဲ ပတ်ဝန်းကျင် ရေမြေအနေအထားကိုလိုက်ပြီး စပါးခင်းတွေဆီက ရတဲ့အနံ့၊

စမ်းချောင်းလေးဆီက ရတဲ့အနံ့၊ ဂျုံခင်းပဲခင်းတွေဆီက ရတဲ့ ဇာတိရနံ့၊ သစ်ပင်ပန်းမာလ်တွေဆီကနေ ရတဲ့အနံ့ဟာ ဇာတိကို လွမ်းဆွတ်တတ်သူတွေအဖို့တော့ အဝေးမြေရောက်တိုက် တလေးတစား ထည့်သွင်းလွမ်းဆွတ်ရမယ့် အနံ့တွေထဲမှာ ပါဝင်ပါတယ်။ အခုလည်း ဗြိတိန်ကုမ္ပဏီတစ်ခုဟာ နိုင်ငံရပ်ခြားမြှ အလုပ်လုပ်နေရတဲ့-

အဝေးရောက်အိမ်လွမ်းသူတွေအတွက် ဇာတိမြေအသီးသီးဆီက ရယူထားတဲ့ လေသန့်တွေကို ဘူးထဲကို ထည့်ရောင်းနေတာပါ။ အဆိုပါ ကုမ္ပဏီဟာ အိမ်လွမ်းသူတွေအတွက် ယခုခရစ်စမတ်မတိုင်မီ လေသန့်ဘူးတွေကို အရောက်ပို့ပေးနေတာဖြစ်ပြီး၊ အိမ်လွမ်းသူတွေအဖို့ မိမိဇာတိရဲ့ မြေသင်းနဲ့အပြည့်နဲ့ လွမ်းမောဖွယ်ရနံ့တွေကို ရှုရှိုက်အမောဖြေခွင့် ရမှာဖြစ်ပါတယ်။

ကုမ္ပဏီအမည်ကတော့ My Baggage ဖြစ်ပါတယ်။ လေရောင်းပြီး ချမ်းသာဖို့ ကြိုးစားသူတွေထဲမှာ အောက်ဆီဂျင်အရောင်းသမားတွေပြီးရင်တော့ သူတို့ အတွေးအခေါ်က အတော်လေးကို ဆန်းသစ်တယ် ဆိုရမှာပါ။ အဲဒီကုမ္ပဏီဟာ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်တို့ဆီကနေ အဓိကနယ်မြေတွေရဲ့ လေသင်းနံ့တွေကို စနစ်တကျ ဘူးထဲစုလှောင်ပြီး-

အမှာစာပေးပို့တဲ့ နိုင်ငံခြားရောက် ဗြိတိန်တွေဆီကို ပို့ပေးတဲ့ဝန်ဆောင်မှု လုပ်ပါတယ်။ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့အဆိုအရ လေသန့်ဘူးတစ်ဘူးကို (၂၅)ပေါင် ကျသင့်မှာဖြစ်ပြီး၊ ချိုသာတဲ့ဈေးနှုန်းတော့ မဟုတ်ဘူးလို့ ဆိုရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလေသန့်ဘူးလေးက ကိုယ့်ရဲ့ ဇာတိမြေအိမ်လွမ်းနာကို သက်သာစေမယ်ဆိုရင်တော့ တန်တဲ့ဈေးနှုန်းတစ်ခုပါ။

သူတို့ ဘူးထဲထည့်ထားတဲ့ လေတွေကိုတော့ အင်္ဂလန်မှာဆိုရင် နော်တင်ဟမ်နယ်မြေကနေ ရယူထားပြီး၊ စကော့တလန်မှာဆိုရင်တော့ ဟိုက်လန်းနယ်မြေကနေ ရယူထားပါတယ်။ ဝေးလ်ဆိုရင် အိုင်ယာလန်နယ်စပ်အနီးက စနိုးဒိုနီးယားလွင်ပြင်ကနေ လေတွေရယူထားပါသတဲ့။ အကယ်၍ ကိုယ့်ဇာတိက ဖော်ပြပါနေရာတွေက မဟုတ်ဘူးဆိုရင်တော့ ရက်အနည်းငယ်စောင့်ပြီး-

အထူးဈေးနှုန်းနဲ့ မှာယူခွင့်ကိုလည်း ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။ ဥပမာ လန်ဒန်မြို့က အားလူကြော်တွေ ငါးကင်နံ့လိုဟာမျိုးတွေ လိုချင်တယ်ဆိုလည်း သူတို့က အဆင်ပြေအောင် ပြုလုပ်ပေးတယ်လို့ ဆိုပါတယ်။ ဇာတိမြေလေသင်းနံ့ကို ရောင်းချပြီး စီပွားရှာတဲ့အထဲမှာတော့ ဒီကုမ္ပဏီက ပထမဆုံးလို့ ဆိုရမှာဖြစ်ပြီး၊လူကြိုက်လည်း များနေပါသတဲ့။

Ref ; LadBible,CRD-လင်းဇော်ကို