USဆီကသတင်းတွေရဖို့ ဘဝတစ်ခုလုံး ပုံအပ်ပြီးရင်းခဲ့တဲ့ တရုတ်သူလျှို အမျိုးသမီး

တရုတ်သူလျှို အမျိုးသမီးတစ်ယောက်ဟာ အမေရိကန်ဆီက လျှို့ဝှက်သတင်းအချက်အလက်တွေ ရဖို့အတွက် သူမရဲ့ဘဝကို ပုံအပ်ရင်းနီးခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ သူမ တရုတ်ကို ပြန်ပို့နိုင်ခဲ့တဲ့ သတင်းတွေဟာ ဘယ်လောက်အထိ အရေးပါတယ်၊ အရေးကြီးတယ်ဆိုတာ မသိရပေမယ့် သူမရဲ့ဘဝကတော့ ကန်နိုင်ငံရေးသမားတွေကြားထဲ ကူးချည်သန်းချည် နေခဲ့ရပုံပါ။

သူမရဲ့အမှုကို FBI က နှစ်တော်တော်ကြာ လိုက်နေပြီး၊ သူမဟာ ကယ်လီဖိုးနီးယားမှာ အခြေစိုက် လှုပ်ရှားခဲ့တာပါ။ နှစ်အနည်းငယ်အတွင်းမှာ ထိပ်သီးပိုင်း နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ဖက်လှဲတကင်း ဖြစ်ခဲ့ပါတယ်။ အမည်မှာ Christine Fang (Fang Fang) ဖြစ်ပြီး၊ FBI ရဲ့ ကွင်းဆက်လိုက် ဖော်ထုတ်မှုအရ သူမဟာ နိုင်ငံရေးသမားဒါဇင်နဲ့ချီကို အလှနဲ့သိမ်းသွင်း-

ကွယ်ရာမှာပျော်ပါးပြီး၊ သတင်းအချက်အလက်တွေကို နှိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။ Axios ရဲ့ဖော်ပြချက်အရ Fang Fang ဟာ တရုတ်လုံခြုံရေးကောင်စီရဲ့ တိုက်ရိုက်ညွှန်ကြားမှုနဲ့အတူ ကယ်လီဖိုးနီးယားအခြေစိုက် လွှတ်တော်အမတ်တွေနဲ့ မိတ်ဆွေဆက်ဆံရေးထက် ပိုမိုလွန်ကဲခဲ့ပြီး၊ တရုတ်ကို သတင်းတွေ ပြန်ပို့ပါသတဲ့။

Fang Fang ဟာ အနည်းဆုံး Midwestern နယ်မြေခံ မြို့တော်ဝန် နှစ်ဦးနဲ့ အကြိမ်ကြိမ် ပလူးပလဲလုပ်ခဲ့ပြီး၊ FBI ရဲ့ ကွင်းဆက်စုံစမ်းစစ်ဆေးနေသူတွေထဲမှာ လူ (၂)ဒါဇင်ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ သူမဟာ သူတို့တစ်တွေ လွန်ကျူးခဲ့တာကို ဗွီဒီယိုတွေတောင် မှတ်တမ်းတင်ထားခဲ့သလို၊ သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း FBI က လျှို့ဝှက်မှတ်တမ်း ရယူနိုင်ခဲ့ပါတယ်။

Axios ရဲ့ဖော်ပြချက်အရ Fang Fang ဟာ ဒေသခံအမေရိကန်မြို့တော်ဝန်များ အစည်းအဝေးကိုတောင် တက်ရောက်ခွင့် ရခဲ့ပြီး၊ ဒီအားသာချက်ကနေ သူမဟာ နိုင်ငံရေးသမားတော်တော်များများကို အလှနဲ့ ဆွဲဆောင်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒီကနေ မြို့တော်ဝန်တွေရဲ့ မယားငယ်လိုလို အပျော်မယားလိုလို ဖြစ်သွားခဲ့ပြီး (၃)နှစ်ကြာ တရုတ်အတွက် စပိုင်လုပ်ရင်း ပေးဆပ်ခဲ့တာပါ။

(၂၀၁၄)ခုနှစ်တုန်းက အသက်ကြီးပြီဖြစ်တဲ့ (အမည်မဖော်ပြထားတဲ့) နယ်မြေခံမြို့တော်ဝန်တစ်ယောက်က Fang ဟာ သူရဲ့ချစ်သူတစ်ယောက်ဖြစ်ကြောင်း တရားဝင် မိတ်ဆက်မှုတွေရှိခဲ့ကြောင်း၊ အသက်အားဖြင့် မြေးအဖိုးအရွယ် ကွာခြားပေမယ့်၊ သူတို့ တကယ်ချစ်တယ်လို့ ဆိုခဲ့ဖူးပါသတဲ့။ နောက်ပြီး Fang ဟာ အိုဟိုင်းယိုးမြို့တော်ဝန်နဲ့ ကားထဲမှာ နှစ်ပါးသွားခဲ့တာကို လုံခြုံရေးကင်မရာက မှတ်တမ်းတင်ပေးနိုင်ခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ သူမဟာ ဒိုမိုကရက်တစ်ရဲ့ အသက်အငယ်ဆုံးအမတ်ဖြစ်ခဲ့တဲ့ Eric Swalwell ကို ပစ်မှတ်ပြောင်းခဲ့ပြီး၊ သူရဲ့ မဲအောင်နိုင်ရေးတွေ၊ ရံပုံငွေကိစ္စတွေမှာ ပါဝင်ကူညီခဲ့ပါတယ်။ Eric လည်း FBI ရဲ့ စုံစမ်းမှုတွေခံနေရပြီး၊ အခုအနေအထားအရ သူ့ဘက်က ဘာမှတ်ချက်မှတော့ မပေးသေးပါဘုူး။ ဒီအမှုကိုတော့ FBI က ဆက်လက်စုံစမ်းနေဆဲပါ။

Ref ; DailyStar,CRD-လင်းဇော်ကို