ဂူအောင်းလူတွေရေးဆွဲခဲ့တဲ့ (၈)မိုင်ရှည်တဲ့နံရံပန်းချီများ အမေဇုံတောအတွင်းမှာ ရှာတွေ့

သမိုင်းတစ်ခုမှာ အရေးပါအရာရောက်တဲ့ ရှာဖွေတွေ့ရှိမှုအဖြစ် အမေဇုံတောအတွင်းမှာ ရှေးခေတ်လူသားတွေ ရေးဆွဲခဲ့တဲ့ ကျောက်နံရံဆေးရေးပန်းချီတွေကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထူးခြားချက်ကတော့ ဆေးရေပန်းချီ နံရံကြီးရဲ့အရှည်ဟာ (၈)မိုင်အထိ ဖြစ်ပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ရေးခဲ့တဲ့ပန်းချီတွေကို အကောင်းပကတိအတိုင်း တွေ့ရတာဖြစ်ပါတယ်။

တိတိကျကျဆိုရလျင် ဒီပန်းချီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၂၅၀၀)က ဖြစ်ပါတယ်။ တွေ့ရှိတဲ့နေရာကတော့ ကိုလံဘီယာပိုင်နက် အမေဇုံတောနက်ကြီးထဲ အဝင်အပါဖြစ်တဲ့ မိုးသစ်တောကြီးထဲမှာပါ။ ဒီတွေ့ရှိမှုကြောင့် သမိုင်းဦးလူသားတွေဟာ ဘယ်မှာ စတင်အခြေတည်ခဲ့တယ်ဆိုတဲ့ ကနဦးယူဆချက်တွေကိုတောင် ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေပါတယ်။

ရေးဆွဲထားတဲ့ ပန်းချီတွေထဲမှာ ကွယ်ပျောက်မျိုးသုဉ်းသွားပြီဖြစ်တဲ့ သားရိုင်းတိရစ္ဆာန်တွေရဲ့ပုံတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဆွဲထားတဲ့ ပန်းချီတွေထဲမှာ ရေခဲခေတ်က လက်ကျန်သတ္တဝါတွေထဲမှာ Mastodon လို့ခေါ်တဲ့ ဆင်ကြီးမျိုးနွယ်တွေ၊ Palaeolama လို့ခေါ်တဲ့ ကုလားအုတ်ရဲ့ အစောပိုင်းမျိုးနွယ်တွေရဲ့ပုံတွေလည်း ပါဝင်ပါတယ်။

တချို့သော ပန်းချီလက်ရာတွေဟာ လက်ရာမြောက်လွန်းပြီး၊ သမိုင်းဦးခေတ်က ကြီးနိုင်ငယ်ညှဉ်းဝါဒအပြင် စုပေါင်းအမဲလိုက်ခြင်းတွေနဲ့ အိမ်ယာတည်ထောင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း အစောပိုင်းနဲ့ ထိုခေတ်ထိုအခါက လူသားတွေရဲ့ အကြောက်တရားတွေ၊ ယင်းကို အခြေခံဖြစ်ပေါ်လာတဲ့ ကိုးကွယ်ယုံကြည်မှု၊ အကြီးအကဲတွေကို လေးစားမှုတွေကအစ လေ့လာခွင့် ရခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကောက်ချက်အသစ်တွေ ထွက်ပေါ်လာခဲ့ပြီး၊ အမေဇုံသစ်တောထဲမှာ ယနေ့တိုင် ရှိနေတဲ့လူရိုင်းမျိုးနွယ်စုတွေဟာ ဆိုက်ဘေးရီယားမျိုးနွယ်တွေထဲက ကမ္ဘာ့ပထမဆုံးရွှေ့ပြောင်းလုပ်သားတွေရဲ့ လက်ကျန်အနွယ်တွေလို့ ယူဆရပြီး၊ ၎င်းတို့ဟာ သမိုင်းဦးခေတ်ဘီရင်ဂီယာနယ်ကို ဖြတ်သန်းကာ ဒီနေရာအဝန်းအဝိုင်းမှာ အခြေချနေထိုင်ခဲ့ပုံရပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၇၀၀၀)ခန့်ကပါ။

ရေခဲခေတ်က ဒီနေရာတွေဟာ နှင်းထူထူ၊ တောင်တန်းအသွယ်သွယ် ရှိခဲ့ပုံပါ။ ဒါကြောင့် တချို့နေရာတော်တော်များများဟာ လူသူအရောက်အပေါက် အခုအချိန်ထိ မရှိသေးဘဲ၊ ဒီအချက်ကပင်လျှင် ရွှေ့ပြောင်းအခြေချသူတွေ တောင်မှမြောက်မှ တစ်ဖွဲ့ချင်းဆီ ကွဲကုန်ကြတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ဒီပန်းချီတွေကို ဘယ်မျိုးနွယ်စုက ဆွဲခဲ့တာလည်းဆိုတာ အဖြေမရှာနိုင်သေးပါဘူး။

သေချာတာတစ်ခုကတော့ ဒီလောက် ရှည်လျှားထွေပြားတဲ့ ပန်းချီလက်ရာတွေကို လူနည်းစုတစ်စုက ရေးဆွဲခဲ့တာ မဖြစ်နိုင်ဘဲ၊ မျိုးရိုးလိုက်၊ အသက်အရွယ်အလိုက် အစုအဖွဲ့သဘောနဲ့ တစ်နေ့တစ်မျိုး ရေးခဲ့ကြပုံရပါတယ်။ နောက်ပြီး ဒီနယ်မြေအဝန်းအဝိုင်းမှာ နေထိုင်ခဲ့တဲ့ လူဦးရေဟာ ထင်မှတ်မထားလောက်အောင် များလိမ့်မယ်လို့ ယူဆရပါတယ်။

ပညာရှင်တချို့တော့ Kayapo လူမျိုးစုရဲ့မူလအရင်းခံမျိုးနွယ်တွေက ဒီပန်းချီတွေကို ဖန်တီးခဲ့ပုံရကြောင်း၊ Kayapo မျိုးနွယ်စုဟာ လူဦးရေ (၈၆၀၀)ဝန်းကျင်လောက်သာ ရှိခဲ့ပါတယ်။ နောက်ပြီး အမေဇုံဒေသခံ လူရိုင်းမျိုးနွယ်တွေဟာ သူတို့ရဲ့ရိုးရာယဉ်ကျေးမှုထုံးတမ်းတွေ၊ အလေ့အထတွေကို သဘာဝတရားကြီးက မဖျက်ဆီးခင်အထိ ရေးခြစ်မှတ်တမ်းတင်တဲ့ အလေ့အထတွေ ရှိခဲ့ဟန်မတူပါဘူး။ သို့သော်လည်း ဒီအချက်က ယူဆချက် သက်သက်သာ ဖြစ်ပါတယ်။

ဒီပန်းချီတွေကို မတွေ့ခင်က ဒီဒေသမှာ အစောဆုံးရှာဖွေတွေ့ရှိမှုအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅၀၀)လောက်က ရှေးလူမျိုးတွေ အသုံးပြုခဲ့တဲ့ ကြွေထည်တွေ၊ မြေခွက်တွေ၊ လှံနဲ့မြားခေါင်းတွေသာဖြစ်ပါတယ်။ အခုအချိန်ထိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သုတေသနစာတမ်းမျိုး မရှိသေးဘဲ၊ ဒီအတွက် ပညာရှင်တွေ အချိန်ပေးရဦးမှာ ဖြစ်ပါတယ်။

Ref ; DailyMail,CRD-လင်းဇော်ကို