ချစ်သူဟောင်းက မင်္ဂလာပွဲကိုလာရောက်ချီးမြှင့်ခဲ့လို့ ရှိုက်ကြီးတငင် ငိုခဲ့ရတဲ့သတို့သမီး

တစ်ခါတလေ ညားတိုင်းလည်းမချစ် ချစ်တိုင်းလည်း မညားဆိုတာ တကယ်ရှိပါတယ်။ ဒီလိုပဲ ညားပြီးမှ ချစ်သွားသူတွေရှိသလို၊ ညားလိုက်ကာမှ အမုန်းကြီး မုန်းသွားသူတွေလည်း ရှိကြတာပါပဲ။ အခု အင်ဒိုနီးရှားနိုင်ငံက မင်္ဂလာပွဲတစ်ခုမှာတော့ ရည်းစားဟောင်းကောင်လေး မထင်မှတ်ဘဲ ရောက်လာခဲ့လို့ နည်းနည်းလေး ဝရုန်းသုန်းကား ဖြစ်ခဲ့ရပါတယ်။

သတို့သမီးဟာ သူမရဲ့ချစ်သူနဲ့ လက်မထပ်နိုင်ခဲ့ဘဲ၊ တခြားကောင်လေးနဲ့ လက်ထပ်ခဲ့တာပါ။ ဒီအဖြစ်အပျက်ဗွီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ အတော်လေး ရေပန်းစားနေပါတယ်။ သတို့သားဖြစ်ခွင့်မရှိတဲ့ ရည်းစားဟောင်း ကောင်လေးဟာ ချစ်သူဟောင်းရဲ့မင်္ဂလာပွဲကို တည်တည်ငြိမ်ငြိမ် တက်ရောက်ကာ မောင်မယ်နှစ်ဦးအတွက် ဂုဏ်ယူပါကြောင်း ပြောခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အရှေ့ Lombok နယ်မြေ Labuan Lombok အမည်ရ ကျေးရွာလေးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၂)ရက် ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ခဲ့တာလို့ သိရပါတယ်။ ရည်းစားဟောင်းကောင်လေးရဲ့အမည်ကတော့ Adrian Hidayat ဖြစ်ပြီး၊ သတို့သမီးနာမည်ကတော့ Aollina Alfia Lestari လို့ သိရပါတယ်။

Adrian ဟာ မင်္ဂလာစင်မြင့်ထက်မှာ ဂုဏ်ပြုစကားပြောဖို့ သွားတော့၊ သတို့သမီးဟာ အိန္ဒြေမဆောင်နိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုပါတော့တယ်။ သတို့သားကို Adrian က ဖက်လှဲတကင်းနှုတ်ဆက်ကာ ဂုဏ်ပြုစကားပြောခဲ့ပြီး၊ သတို့သမီးကိုတော့ ဘေးက မိဘမောင်ဘွားတွေက အားပေးဖြန်ဖြေနှစ်သိမ့်နေတာကို တွေ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် သတို့သမီး Alifia ဟာ သူမရဲ့ချစ်သူဟောင်း Adrian ကို ဘယ်လိုမှ သံယောဇဉ်မပြတ်နိုင်ဘူးဆိုတာ သေချာပါတယ်။ Adrian ကို မိတ်ဆွေတစ်ယောက်က စင်ပေါ်ကနေ အမြန်ဆင်းဖို့ တွဲခေါ်သွားတာကို တွေ့ရပါတယ်။ သတို့သမီးကတော့ အားရပါးရ ငိုရှိုက်နေဆဲဖြစ်ပြီး၊ သတို့သားအသစ်စက်စက်ကလည်း အခြေအနေကို ကောင်းစွာနားလည် လက်ခံနေပုံပါ။

Adrian က သူ့အနေနဲ့ ဒီမင်္ဂလာပွဲကို မဖိတ်ဖူးဆိုရင် လာဖို့မရှိကြောင်း၊ ဖိတ်စာရတဲ့အတွက် ဂုဏ်ပြုရမယ့်ဝတ္တရား သူ့မှာ ရှိကြောင်း ဖြေခဲ့ပါတယ်။ သူ မင်္ဂလာပွဲကို ရောက်လာခြင်းက တခြားပြဿနာများကို ဖန်တီးလိုစိတ် လုံးဝအလျဉ်းမရှိခဲ့ဘဲ၊ နှစ်ဦးသား ပျော်ရွှင်တာကို မြင်တွေ့လိုကြောင်း သူက ပြောပါတယ်။ ဗွီဒီယိုကြောင့် သူ့ကို ပွဲဖျက်လိုတဲ့လူလို့ ပြောနေသူတွေကိုလည်း ဘာမှ ဖြေရှင်းပြတော့မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

အခြားသတင်းရင်းမြစ်တွေမှာတော့ Adrian ဟာ ချစ်သူဟောင်းမဟုတ်ကြောင်း၊ Alifia ရဲ့ ခင်ပွန်းဟောင်းဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။ သတို့သားနာမည်ကတော့ Dedi လို့သာ ဖော်ပြထားပြီး၊ ဇနီးသည်ရဲ့ ပုံပျက်ပန်းပျက်လုပ်ရပ်ကို နားလည်ခွင့်လွှတ်ကြောင်း၊ အခုဆို ဇနီးက အဆင်ပြေနေပြီဖြစ်ပြီး၊ သူတို့အနေနဲ့ သာယာတဲ့ဘဝလေးကို တည်ထောင်နိုင်မယ်လို့ ယုံကြည်ကြောင်းဆိုပါတယ်။

Ref ; WorldOfBuzz,CRD-လင်းဇော်ကို