ပေါင်(၁.၄)သန်းတန် ရတနာသိုက်ကြီး တွေ့ရှိခဲ့သူ ဆုလာဘ်အဖြစ် ထောင်(၅)နှစ်ကျ

အမေရိကန်နာမည်ကျော် ရတနာမုဆိုးတစ်ဦးဖြစ်တဲ့ Tommy Thompson ကတော့ ပေါင်(၁.၄)သန်းတန် ရေအောက်ရတနာသိုက်ကြီး တွေ့ရှိခဲ့တယ်လို့ သတင်းကြီးခဲ့သူပါ။ အခုတော့ သူ့ကို အမေရိကန်အာဏာပိုင်တွေက ရတနာတွေကို ဝှက်ထားလို့ဆိုပြီး ထောင်ဒဏ်(၅)နှစ် ချမှတ်လိုက်ပြီလို့ သိရပါတယ်။Tommy ကတော့ ရတနာတွေရှိတဲ့နေရာကို သူ လုံးဝသတိမရတောဘူးလို့ ဆိုပါတယ်။

Tommy ဟာ ရှေးဟောင်းရွှေဒင်္ဂါး အပြား(၅၀၀)လောက်ကို ရရှိထားသူလို့ သိရပြီး၊ တန်ဖိုးအားဖြင့် ပေါင်တစ်သန်းခွဲလောက် ရှိနေပါတယ်။ ဒီရတနာတွေကို သူ ဘယ်မှာ ဝှက်ထားတယ်ဆိုတာ သူကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ ရင်းနီးမြှုပ်နှံသူတွေက သူတို့ကို မလိမ့်တစ်ပတ်လုပ်ထားတယ်လို့ သိပြီးနောက် လုံးဝမကျေနပ်ဘဲ တရားစွဲဆိုတော့ သူဟာ ထွက်ပြေးတိမ်းရှောင်နေရင်း ထိပ်တိုက်ရင်ဆိုင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

အကယ်၍ Tommy အနေနဲ့ ရတနာတွေဝှက်ထားတဲ့နေရာကို ပြောမယ်ဆိုရင် ထောင်(၁၈)လသာ ကျမှာဖြစ်ပြီး၊ သူ့အနေနဲ့ကလည်း ထောင်ကျမှတော့ မထူးဘူးဆိုပြီး ရတနာတွေရှိတဲ့နေရာကို ညွှန်ပြဖို့ ငြင်းဆန်ခဲ့ဟန် တူပါတယ်။ (၁၈၅၇)ခုနှစ်က တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းနဲ့ အတော်လှမ်းလှမ်း ပင်လယ်ပြင်မှာနစ်မြုပ်ခဲ့တဲ့ S.S Central America သင်္ဘောကို Tommy က နှစ်ပေါင်းတော်တော်ကြာအောင်-

ထောက်လှမ်းရင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါသင်္ဘောမှာ ရတနာတွေ၊ ရွှေဒင်္ဂါးတွေ သယ်ဆောင်သွားခဲ့တာဖြစ်ပြီး၊ (၁၉၈၈)ခုနှစ်မှာ Tommy က ရတနာတွေထည့်ထားတဲ့ သေတ္တာကြီးကို တွေ့ရှိခဲ့သလို၊ အထဲမှာလည်း ရွှေဒင်္ဂါးတွေ အပြည့်ပါတယ်လို့ ဆိုပါတယ်။ အဲဒီသင်္ဘော တွေ့ရှိမှုမှာ တွေ့သူကို ချီးကျူးဂုဏ်ပြုခြင်း မပြုတဲ့အပြင် စီးပွားရေးအကြပ်အတည်းဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဘာကြောင့် စီးပွားရေးအကြပ်အတည်း ဖြစ်ခဲ့ရသလဲဆိုရင် ဒီရတနာသင်္ဘောကို ရရှိဖို့ ရင်းနီးမြှုပ်နှံသူ (၁၆၁)ယောက်က ငွေကြေး ဒေါ်လာ (၁၂.၇)သန်းအထိ စိုက်ထုတ်ခဲ့ရပြီး၊ တကယ်တမ်း အကျိုးအမြတ် လုံးဝမရတဲ့အချိန်မှာ စုပေါင်းပြီး Tommy ကို တရားစွဲဆိုခဲ့တာပါ။ (၂၀၁၂)ခုနှစ်မှာ တရားရုံးက တစ်ချက်လွှတ်အာဏာနဲ့ Tommy အနေနဲ့ ရတနာတွေဝှက်ထားတဲ့နေရာကို မဖြစ်မနေပြရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။

သို့သော်လည်း Tommy ဟာ ဖလော်ရီဒါကို ထွက်ပြေးတိမ်းရှောင်ပြီး ငယ်ချစ်နဲ့အတူ ဟိုတယ်အခန်းငှားပြီး နှပ်နေခဲ့ပါတယ်။ သူ့ကို (၂၀၁၅)မှာ ဖမ်းမိခဲ့ပြီး၊ အမိန့်ဖီဆန်မှု၊ တရားရင်ဆိုင်ရန် ပျက်ကွက်မှုအတွက် ထောင်ဒဏ်(၂)နှစ်အပြင် ကန်ဒေါ်လာ (၂)သိန်းခွဲ ချမှတ်ခဲ့ပါတယ်။ ရတနာတွေရှိတဲ့နေရာကို လုံးဝမပြောတာကြောင့် သူ့အမှုကို အပြီးတိုင်စစ်ဆေးနိုင်ခြင်းမရှိခဲ့ပါဘူး။ လက်ရှိမှာတော့ သူဟာ စုပေါင်းထောင်ဒဏ် (၇)နှစ် ဖြစ်ပါတယ်။

အခုအခါမှာတော့ တရားရုံးက သူ့ကို တရားရုံးကို မထီမဲ့မြင်ပြုမှုအတွက် ထောင်ဒဏ်အပြင်၊ ရတနာတွေ ဘယ်နေရာမှာရှိတယ်ဆိုတာ ထုတ်မပြောသေးသရွေ့ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၁၀၀၀)အထိ ဒဏ်ငွေဆောင်ဖို့ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဒီအမိန့်ကိုတော့ Tommy ရဲ့ရှေ့နေက ပြင်းထန်လွန်းကြောင်း၊ ဥပဒေကို ဘောင်ကျော်လုပ်ဆောင်ထားတာဖြစ်ကြောင်း ကန့်ကွက်ခဲ့ပေမယ့် အတည်ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် ခေါင်းမာလွန်းတဲ့ Tommy ကတော့ အဲဒီဒဏ်ငွေကိုလည်း ပေးဆောင်ဖို့မရှိဘဲ၊ တရားရုံးက ဒီအတွက် ပြစ်ဒဏ်ထပ်တိုးသွားရင်တောင် ကျေနပ်စွာ လက်ခံတော့မယ်လို့ သူရဲ့ရှေ့နေက ပြောပါတယ်။ သူရဲ့ စုစုပေါင်းဒဏ်ကြေးဟာ ဒေါ်လာ (၁.၈)သန်းအထိ ရှိကြောင်း၊ အခုဆို သူဟာ အသက်(၆၈)နှစ် ရှိနေပြီဖြစ်သလို၊ ပန်းနာရောဂါနဲ့အတူ မှတ်ဉာဏ်လည်း ချို့ယွင်းစပြုနေပြီလို့ သိရပါတယ်။

Ref ; DailyStar,CRD-လင်းဇော်ကို