ကြက်တစ်ကောင် အရွယ်အစားသာရှိပြီး၊ ပခုံးမှာ အပ်ပုံစံတွေပါတဲ့ ဒိုင်နိုဆောမျိုးစိတ်သစ်

ဘရားဇီးနိုင်ငံမှာ ဒိုင်နိုဆောမျိုးစိတ်သစ် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုတွေ့ရှိခဲ့ရာ၊ ထူးခြားမှုတွေလည်း ပြည့်နှက်နေပါတယ်။ အဆိုပါ ဒိုင်နိုဆောဟာ ကြက်တစ်ကောင် အရွယ်အစားသာရှိပြီး၊ ဥဒေါင်းနဲ့ ပုံစံချင်းအနည်းငယ် တူညီပါတယ်။ အဆိုပါ သတ္တဝါရဲ့ထူးခြားချက်မှာ ပခုံးတွေကနေ အပ်ကဲ့သို့ ဆူးတောင်ရှည်ရှည် (၄)ချောင်း ပါဝင်ပါတယ်။

ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းနဲ့ ခန္ဓာကိုယ်မှာ အမွေးခပ်ထူထူဖြစ်ကာ၊ ပခုံးမှသည် အမြှီးတစ်ဝက်လောက်အထိ အမည်းရောင်အမွေးထဲမှာ အဝါရောင်အမွေးစင်း ပါရှိပါတယ်။ နှုတ်သီးမှာ အဝါရောင်ဖြစ်ပြီး၊ သူ့အမည်ကိုတော့ တူပီအင်ဒီယန်းလူမျိုးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Ubirajara jubatus လို့ ပေးထားပါတယ်။ အဓိပါယ်မှာ လှံသွားတွေရဲ့အရှင်သခင် (Lord Of The Spear) ဖြစ်ပါတယ်။

ဒီကျောက်ဖြစ်ရုပ်ကြွင်းကို နိုင်ငံတကာပူးပေါင်းအဖွဲ့တွေပါဝင်တဲ့ ဘရားဇီးရှေးဟောင်းနယ်မြေခံ ကျောက်ဖြစ်ရုပ်ကြွင်းတူးဖော်ရေးအဖွဲ့တွေက တွေ့ရှိခဲ့တာပါ။ လောလောဆယ်တော့ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ဂျာမနီနိုင်ငံ၊ Karlsruhe မြို့မှာတည်ရှိတဲ့ ရှေးဟောင်းအနုပညာပြတိုက်မှာ ထိမ်းသိန်းထားပါတယ်။ ဒီဒိုင်နိုဆောလေးရဲ့ပုံစံဟာ တူပီတွေရဲ့ ဝတ်စားပုံစံနဲ့ ဆင်တူပါသတဲ့။

ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ပို့စ်မောက်တက္ကသိုလ်မှ ပါမောက္ခ David Martill ရဲ့အဆိုအရ ဒီသတ္တဝါတွေဟာ အရောင်အသွေး အလွန်လှပြီး ပခုံးမှာပါတဲ့ အပ်ပုံစံဆူးတောင်ကဲ့သို့ အချွန်လေးတွေကို အချင်းချင်းပိုးပန်းရာမှာ တစ်ဖက်သားကို စွဲဆောင်ကပြဖို့ သုံးတယ်လို့ ဆိုပါတယ်။ သူကတော့ အပ်ပုံစံဆိုတာထက် တောင့်တောင့်ရောင့်ရောင့်ရှိနေတဲ့ ဖွဲကြိုးနဲ့တူတယ်လို့ ပြောပါတယ်။

ဒီသတ္တဝါတွေဟာ သူ့တို့ရဲ့အလှအပကို အလွန်ဂုဏ်ယူလေ့ရှိကြပြီး၊ ကပြရာမှာလည်း တူပီအင်ဒီယန်းတွေလို တော်ကြတယ်လို့ ပါမောက္ခ Martill က ပြောပါတယ်။ ဒီသတ္တဝါလေးတွေဟာ Cretaceous ခေတ်အတွင်း လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၁၁၀)လောက်က ကျင်လည်ခဲ့ကြတာဖြစ်ပြီး၊ ဥရောပမှာတွေ့ရတတ်တဲ့ Compsognathus ဒိုင်နိုဆောနဲ့ အမျိုးတော်စပ်ပါတယ်။

Ref ; The Sun,CRD-လင်းဇော်ကို