လေယာဉ်မယ်တစ်ဦးဖစ်ပေမယ့် အခြေအနေအရ ဈေးရောင်းရမှာကိုလည်း မရှက်တဲ့သူ

ကျွန်တော်တို့ မြန်မာစကားပုံလေး ရှိပါတယ်။ တက်ကျိုးရင် လက်ထိုးပြီးလှော်-ဆိုတဲ့ စကားလေးပါ။ သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုတဲ့အတိုင်း ကျွန်တော်တို့တစ်တွေဟာ မိသားစုစားရေးသောက်ရေးနေရေးအတွက် နိစ္စဒူဝ ကြိုးပမ်းကြရပါတယ်။ ကြိုးစားမှုတွေ ရပ်လိုက်တာနဲ့ မိသားစုရဲ့ အရေးသုံးပါးကို ထိခိုက်မှာ မလွဲပါဘူး။

လူရယ်လို့ ဖြစ်လာရင် မာန်မာနကို တန်သမျှ လျှော့ချရတာမျိုးလည်း ရှိပါတယ်။ တစ်ခုခု အဆင်မပြေရင် အဆင်ပြေနိုင်တာတစ်ခုခုကို အမြဲတမ်းမဟုတ်တောင် ယာယီသဘောမျိုး တေးပြီး လုပ်နိုင်ရပါမယ်။ အခုလည်း အမျိုးသမီးငယ်တစ်ယောက်ဟာ သူမက လေယာဉ်မယ်တစ်ဦး ဖြစ်ခဲ့သော်လည်း၊ လက်ရှိအခြေအနေအရ ဈေးရောင်းရတာကိုလည်း မရှက်ပါဘူးတဲ့။

ကိုဗစ်ကြောင့် အလုပ်အကိုင် ထောင်နဲ့ချီ၊ သောင်းနဲ့ချီ ၊ သိန်းနဲ့ချီ ထိခိုက်ဆုံးရှုံးခဲ့ကြသလို၊ ကုမ္ပဏီတစ်ချို့တလေလည်း ဒေဝါလီခံလိုက်ရတဲ့ သတင်းတွေဟာ မကြာခဏ ကြားနေရပါတယ်။ အလုပ်အကိုင် ထိခိုက်ခဲ့ရတဲ့ လေယာဉ်မယ်လေးတွေထဲမှာ ဖိလစ်ပိုင်လေယာဉ်မယ်လေး Maurice Maureen Avila လည်း ပါဝင်ပါတယ်။

သူမဟာ အောက်တိုဘာမှာ လေယာဉ်မယ်အလုပ်ကနေ ရပ်ဆဲခံလိုက်ရပါတယ်။ ဒါပေမယ့် သူမ လေယာဉ်မယ်အလုပ်ကလွဲရင် ကျန်တာမလုပ်နိုင်ဘူးဆိုတဲ့ မတော်မာန မထားရှိဘဲ၊ အခုဆိုရင် Liquid Petroleum Gas (LPG) ဂက်စ်အိုးတွေ စရောင်းတဲ့အလုပ်ကို လုပ်နေပါပြီ။ ဓာတ်ပုံနှစ်ခုကို နှိုင်းယှဉ်ပြထားရာမှာလည်း လေယာဉ်မယ်ဘဝက ပြုံးခဲ့တဲ့အပြုံးနဲ့ ဂက်စ်အိုးရောင်းသူဘဝမှာ ပြုံးနေတဲ့အပြုံးက တစ်ထပ်တည်းပါဘဲ။

Avila ဟာ လေယာဉ်မယ်ဘဝနဲ့ (၃)နှစ် လုပ်ခဲ့ရပြီး၊ ဒီအလုပ်ကို ချစ်မြတ်နိုးလွန်းလို့ တာဝန်ကနေ ရပ်ဆဲခံရချိန်မှာ အလွန်စိတ်မကောင်းဖြစ်ပြီး ညတိုင်းလိုလို ငိုခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူမကိုယ်သူမ အရှုံးထဲကနေ ပြန်ထနိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေ ရင်ဆိုင်နေရတဲ့ တခြားသူတွေကိုလည်း ဘဝကို အရှုံးမပေးဖို့ သူမက တိုက်တွန်းထားပါတယ်။

လူ့ဘဝဆိုတာ စိတ်ကူးယဉ်ခွင့်ရှိပေမယ့် လက်တွေ့မှာ တကယ်ယုတ္တိကျကျ အရှိကို လက်ခံပြီး နေထိုင်ရပ်တည်မှုကသာ အဓိပ္ပါယ်ရှိတယ်လို့ သူမက ပြောပါတယ်။ ဖိလစ်ပိုင် လူမှုကွန်ရက်မှာတော့ Avila ရဲ့လုပ်ရပ်ကို ဝိုင်းဝန်းချီးကျူးနေကြပါတယ်။ သူမကတော့ တက်ကျိုးပေမယ့် လက်ထိုးပြီးလှော်ဖို့ စိတ်ကူးရှိထားသူပါ။ မကြာခင် အရှုံးတွေထဲကနေ ပိုပြီးရုန်းထွက်လာနိုင်မှာပါ။

Ref ; WorldOfBuzz,CRD-လင်းဇော်ကို