ကိုဗစ်ဖြစ်နေတဲ့ သတို့သမီးကို နေကောင်းတဲ့အချိန်ထိ မစောင့်နိုင်တော့တဲ့သတို့သား

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ကျေးရွာလေးတစ်ခုမှာ မင်္ဂလာသတို့သားသတို့သမီးနှစ်ဦးဟာ အခြားမင်္ဂလာဆောင်များကဲ့သို့ ရိုးရာဝတ်စုံနဲ့ ဆင်နွှဲခွင့် မရခဲ့ပါဘူး။ အကြောင်းကတော့ သတို့သမီးမှာ မင်္ဂလာပွဲဆင်နွှဲမယ့် နေ့မှာပဲ ကိုဗစ်ပိုးတွေ့ခဲ့တာပါ။ ဒါကြောင့် သူတို့နှစ်ဦးသားဟာ ရိုးရာဝတ်စုံတွေ မဝတ်ဆင်ပဲ PPE ဝတ်စုံသာ ဝတ်ဆင်ခဲ့ရပါတယ်။

သတို့သားသတို့သမီးအမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ(၆)ရက် တနင်္ဂနွေနေ့က Qစင်တာမှာပဲ မင်္ဂလာဆောင်ခဲ့ကြတာပါ။ အဆိုပါ စင်တာဟာ အနောက်ပိုင်းပြည်နယ်ဖြစ်တဲ့ ရာဂျာစသန်ပြည်နယ်၊ Baran မြို့မှာ တည်ရှိပါတယ်။ သတို့သားသတို့သမီး မောင်နှံအနေနဲ့ တခြားမင်္ဂလာဆောင်နဲ့ မတူတဲ့ ခံစားမှုကို ခံစားနေလိမ့်မယ်လို့ တွေးထင်ရပါတယ်။

သတို့သားသတို့သမီးတို့ရဲ့ မင်္ဂလာပွဲဟာ ပုံမှန်ထက်လည်း တိတ်ဆိတ်လွန်းနေပြီး၊ အဖြစ်တည်ဆောက်ထားတဲ့ မင်္ဂလာမဏ္ဍပ်ကလေးကလည်း အားငယ်ချင်စရာပါ။ နှစ်ဦးသား PPE ဝတ်စုံတွေအပြင် မျက်နှာကိုကာတဲ့ Faceshield နဲ့ နှာခေါင်းအုပ်တွေကိုလည်း ဝတ်ဆင်ထားပါတယ်။ မင်္ဂလာပွဲကို ချီးမြင့်တဲ့ ဘိသိက်ဆရာကလည်း အာကာသယာဉ်မှူးနဲ့တောင် တူနေပါသေးတယ်။

ဝေဖန်သူတွေကတော့ သတို့သမီး ကိုဗစ်ပျောက်ကင်းအောင် မစောင့်နိုင်ဘူးလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အများဆုံး (၁၀)ရက်လောက်သာ စောင့်ရမယ့်အဖြစ်ကို ဘာလို့ PPE တွေနဲ့ မခမ်းမနား မင်္ဂလာဆောင်ခဲ့တာလဲလို့ မေးနေသူတွေလည်း ရှိပါတယ်။ မှတ်ချက်ရေးသူတချို့ကတော့ နာမည်ကြီးဖို့ တမင် လျှောက်လုပ်နေတာလို့ စွပ်စွဲသူတွေလည်းရှိပါတယ်။

ကျန်းမာရေးဌာနမှ အရာရှိဖြစ်သူ Rajendra Meena ကတော့ သတို့သမီးဟာ မိသားစုဝင်တစ်ဦးနဲ့အတူ ပိုးတွေ့ခဲ့တာကြောင့် စင်တာမှာ နေထိုင်ကြောင်း၊ နှစ်ဦးသား မင်္ဂလာဆောင်လိုကြောင်း တင်ပြခဲ့လို့ သူတို့ကလည်း အဆင်ပြေအောင် စီစဉ်ပေးတာလို့ ပြောပါတယ်။ တချို့ကလည်း ချစ်သူနဲ့နီးရဖို့ မနက်ဖြန်ဆိုတာမသေချာဘူးဆိုပြီးထောက်ခံသူတွေလည်းရှိပါတယ်။

Ref ; AsiaOne,CRD-လင်းဇော်ကို