ဟစ်တလာရဲ့အိမ်မွေးတိရစ္ဆာန် ‘ဆာတန်’နဲ့၊ ဟစ်တလာ တကယ် သေဆုံးခဲ့ခြင်းရှိမရှိ ဒွိဟများ

ဒုတိယကမ္ဘာစစ်နှောင်းပိုင်း ဟစ်တလာပိုင် နေအိမ်တစ်ခုအတွင်းကို ဗြိတိန်နဲ့တပ်နီတို့ အလျှင်အမြန်စီးနင်းစဉ်မှာ မိကျောင်းပေါက်လေးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ ဟစ်တလာရဲ့ အိမ်မွေးတိရစ္ဆာန် မိကျောင်းဖြစ်ပါတယ်။ ဗြိတိန်စစ်သားတစ်ယောက်က တွေ့ရှိခဲ့တာဖြစ်ပြီး၊ ထိုစဉ်ကဦးဆောင်တဲ့ တပ်နီတပ်မှူးက အဲဒီမိကျောင်းလေးကို သက်သေအဖြစ် သိမ်းခဲ့တာပါ။

စစ်ဘီလူးဟစ်တလာရဲ့အိမ်မွေးတိရစ္ဆာန်မို့ ဆာတန်လို့ အမည်ပေးခဲ့ပါတယ်။ ဆာတန်ဆိုတာ ကျွန်တော်တို့သိနေတဲ့ စေတန်ဖြစ်ပါတယ်။ နတ်ဆိုးကြီးကို ရည်ရွယ်တာဖြစ်ပြီး၊ မိကျောင်းလေးကိုတော့ (၁၉၄၆)ခုနှစ်မှာ ဆိုဗီယက်တွေက ယူဆောင်သွားခဲ့ပြီး မော်စကိုတိရစ္ဆာန်ရုံမှာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။

အဲဒီနောက် နှစ်ပေါင်းများစွာ အချိန်တွေကို ဖြတ်သန်းခဲ့ရာ ပြီးခဲ့တဲ့နှစ် မေလမှာပဲ မိကျောင်းဟာ (၈၄)နှစ်အရွယ်မှာ သေဆုံးခဲ့ပါတယ်။ အခု အဲဒီမိကျောင်းဆာတန်ကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ဆီ သယ်ဆောင်လာခဲ့ပြီး တစ်သက်တာအမှတ်တရအနေနဲ့ မပုပ်သိုးအောင်စီမံထားရှိဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။ လာမယ့်နှစ်ဆန်းပိုင်းမှာ စတင်ပြီး ပြသသွားမှာပါ။

မိကျောင်းရဲ့အဖိုးတန်သားရေကိုတော့ ဒါဝင်ပြတိုက်အတွက် လှူဒါန်းခဲ့ပြီး၊ မိကျောင်းကိုတော့ ခေတ်ပေါ်နည်းပညာနဲ့ မပုပ်သိုးအောင် ဆီစိမ်ခြင်း၊ ဖယောင်းခံခြင်းတွေအပြင် လိုအပ်တဲ့ ပြင်ဆင်မွမ်းမံမှုတွေကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးပါပြီ။ နာဇီကျဆုံးခြင်း (၇၅)နှစ်ပြည့်နဲ့လည်းတိုက်ဆိုင်စွာ မိကျောင်းကြီး ကွယ်လွန်ခဲ့တာပါ။

မိကျောင်းဆာတန်ဟာ အမေရိကန် မစ္စစ္စပီမြစ်ဇာတိဖြစ်ပြီး၊ (၁၉၃၆)မှာ အရိုင်းကမ္ဘာထဲကိုရောက်လာခဲ့ပါတယ်။ အဲဒီနောက် မုဆိုးတွေက (၈)နှစ်သားအရွယ်လောက်မှာ ဖမ်းမိသွားခဲ့ပြီး ဘာလင်တိရစ္ဆာန်ရုံကို ပို့ပေးခဲ့ပါတယ်။ (၁၉၄၃)ခုနှစ် နိုဝင်ဘာမှာ ဘာလင်ကိုမဟာမိတ်တွေဗုံးကျဲခဲ့ပြီး၊ ထိုစဉ်ကဆာတန်ဘယ်ရောက်နေတာလဲဆိုတာ အတိအကျ မပြောနိုင်ခဲ့ပါဘူး။

သူ့ကို တကယ်တွေ့ရှိချိန်က (၁၉၄၆)ခုနှစ် ဖြစ်ပြီး၊ ဟစ်တလာပိုင်ဇိမ်ခံအိမ်ရဲ့ အတွင်းမြေအောက်ခန်း မှောင်နဲ့မည်းမည်းနေရာမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးကလည်း ဒီမတိုင်ခင် တစ်နှစ်အလိုကတည်းက ပြီးနေပါပြီ။ ဒါဖြင့် ဘာလို့ တစ်နှစ်နောက်ကျပြီးမှ ဟစ်တလာရဲ့အိမ်ကို ဝင်ရှာခဲ့တာလဲဆိုတာရဲ့အကြောင်းပြချက်ကတော့-

ဟစ်တလာဟာ တကယ်မသေဘဲ ပုန်းနေတယ်လို့ အထင်ရှိကြလို့ ဖြစ်နိုင်ကြောင်း ဆိုကြပါတယ်။ သီအိုရီပညာရှင်တချို့ကတော့ ဟစ်တလာဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတယ်၊ သို့တည်းမဟုတ် သူ့ရဲ့မယားငယ် Eva Braun ကလည်း သူနဲ့အတူ လိုက်ပြီးအဆုံးစီရင်တယ်ဆိုတဲ့ သမ္မာရိုးကျဇာတ်လမ်းကို မယုံကြည်ကြပါဘူး။

နောက်ပြီး မဟာမိတ်တွေဖောက်ခွဲလိုက်တဲ့ ဗုံးခိုကျဉ်းထဲက အလောင်းစတွေကို စစ်ဆေးရာမှာလည်း ဟစ်တလာ သို့မဟုတ် သူ့ရဲ့မယားငယ် Eva လို့ သက်သေခိုင်ခိုင်လုံလုံ ယူဆရတဲ့ သက်သေအထောက်အထားတွေ မတွေ့ခဲ့ရသလို၊ ထွက်ပေါ်လာတဲ့ သက်သေတွေကလည်း လုပ်ကြံသက်သေတွေလို့ ဆိုနေကြပါတယ်။

သတင်းတွေအရတော့ ဟစ်တလာဟာ ချစ်ခင်ရသူဇနီးအပြင်၊ သူနဲ့ အရင်းနီးဆုံးလူတွေနဲ့အတူ လျှို့ဝှက်ရေငုပ်သင်္ဘောနဲ့ အာဂျင်တီးနားက Patagonia ကို ထွက်ပြေးပြီး၊ ရုပ်ဖျက်ကာ နေထိုင်ခဲ့ကြောင်း၊ သူ့သက်တမ်းစေ့ နေထိုင်သွားကြောင်း ဆိုနေသူတွေလည်း ရှိပါတယ်။ တချို့လည်း ဘရားဇီးမှာ ဟစ်တလာနဲ့ ချွတ်စွပ်တူတဲ့လူကို တွေ့ရပါသတဲ့။ ဒီအဆိုတွေနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေလည်း ခေတ်စားခဲ့ပါသေးတယ်။

ဒါပေမယ့် ရုရှားအာဏာပိုင်တွေက ဟစ်တလာတကယ်သေဆုံးခဲ့တာဖြစ်ကြောင်းကို သက်သေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။ ဘန်ကာကို ဗုံးဖောက်ခွဲစီးနင်းစဉ်က ဟစ်တလာလို့ ယူဆရတဲ့ အသက်(၅၀)နဲ့ (၆၀)ဝန်းကျင်ကြား ရုပ်အလောင်း၊ Eva လို့ ယူဆရတဲ့ အသက်(၃၀)နဲ့ (၄၀)ဝန်းကျင် အမျိုးသမီးရုပ်အလောင်းတို့ဆီကနေ သက်သေတွေ သိမ်းဆည်းခဲ့ပါတယ်။

ဒီအထဲမှာ အပေါ်ပိုင်းခြမ်း သွားတွေလည်းပါဝင်ခဲ့ပြီး ရုရှားတွေက ဟစ်တလာရဲ့ သွားဆရာဝန်တွေကို စစ်ဆေးခဲ့ပါတယ်။ သွားဆရာဝန် Hugo Johannes Blaschke ကို စစ်မေးတော့ သိမ်းဆည်းရမိခဲ့တဲ့သွားဟာ Hugo ဆီမှာ နမူနာသိမ်းထားတဲ့ ဟစ်တလာရဲ့သွားပုံစံ ဓာတ်ပုံတွေ၊ X-ray ပုံတွေနဲ့ ကိုက်ညီနေတာကြောင့် ဟစ်တလာသေပြီဆိုတာ မငြင်းသာတော့တဲ့ အနေထားလို့ သတ်မှတ်ခဲ့ပါတယ်။ သို့သော်လည်း ငြင်းစရာရှိတဲ့အချက်တွေက ရှိလာခဲ့ပြန်ပါတယ်။ Gray Wolf စာအုပ်မှာ ဒီအချက်တွေနဲ့ပတ်သက်တဲ့ ညွှန်းဆိုချက်တွေကို လက်ခံထားခြင်း မရှိပြန်ပါဘူး။ စာအုပ်ရဲ့ မူရင်းအမည်မှာ Grey Wolf: The Escape of Adolf Hitler ဖြစ်ပြီး၊ လွတ်မြောက်ခြင်းအကြောင်းကို တစ်ဖက်ကရရှိတဲ့ သဲလွန်စတွေပေါင်းစပ်ပြီး ဇာတ်အိမ်တည်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးဆရာတွေကတော့ ရုပ်ရှင်အနုပညာနယ်ပယ်မှ နာမည်ကြီးတွေဖြစ်ကြတဲ့ Gerrard Williams နဲ့ Simon Dunstan တို့ ဖြစ်ပါတယ်။ အခုထိ သေမသေကို အငြင်းပွားနေကြဆဲပါ။

Ref ; DailyMail / The Sun / Wiki,CRD-လင်းဇော်ကို