ကြက်ဆီထမင်း ပွဲ(၁၀၀)အထိ နောက်ပြောင်မှာယူခဲ့သူ၊ တကယ်လာပို့ချိန်မှာ ရှောင်တိမ်းနေ

အပျော်သဘောနဲ့နောက်တယ်ဆိုတာ အခြေအနေ အချိန်အခါကို ကြည့်ပြီး နောက်ရပါတယ်။ တချို့သော နောက်ပြောင်မှုတွေက ကိုယ့်အတွက် အပျော်ဆိုသော်လည်း၊ တခြားသူအတွက် ဘဝပျက်ရ၊ ဥစ္စာဓနပျက်ရ၊ မိတ်ပျက်ဆွေပျက်ဖြစ်ရတာမျိုးတွေ ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့မဆင်မခြင် နောက်ပြောင်မှုကြောင့် သူများ ထိခိုက်နစ်နာရင် မကောင်းပါဘူး။

မလေးရှားနိုင်ငံက ကျောင်းသားတစ်ယောက်ဟာ ကြည့်မရသူကျောင်းသားတစ်ဦးကို စနောက်လိုတဲ့အတွက် ကြက်ဆီထမင်း ပွဲ(၁၀၀)အထိ မှာယူကာ နောက်ပြောင်ခဲ့ပါတယ်။ သူရဲ့အတန်းဖော် ကောင်လေးရဲ့မိသားစုဟာ ကြက်ဆီထမင်း ရောင်းချသူတွေဖြစ်ပြီး၊ အဆိုပါ မိသားစုကလည်း နောက်ပြောင်မှာယူမှန်းမသိဘဲ၊ တကယ်ပဲ ကြက်ဆီထမင်း ပွဲ(၁၀၀) ပြင်ဆင်ပို့ဆောင်ခဲ့ပါတယ်။

တကယ်တမ်း လာပို့ချိန်မှာတော့ မှာထားတဲ့လိပ်စာတွေကလည်း အတုတွေ ပေးထားပါတယ်။ ဒီအတွက် ကြက်ဆီထမင်းဆိုင်ပိုင်ရှင်မှာ ဆုံးရှုံးနစ်နာမှုတွေ ရှိခဲ့ပေမယ့် နောက်ပြောင်ခဲ့ရတဲ့ ကျောင်းသားကတော့ ဒီကိစ္စကိုပဲ ဂုဏ်ယူစရာလို့ထင်ပြီး လူမှုကွန်ရက်မှာ ကိုယ်တိုင်ဖြစ်ကြောင်းကုန်စင် ရေးတင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကျောင်းသားရဲ့အဆိုအရ-

နောက်ပြောင်ခံရတဲ့ ကျောင်းသားဟာ Honda City ကားတစ်စီးပိုင်ပြီး သူဌေးတစ်ယောက်ဖြစ်ကြောင်း၊ သူပိုင်ဆိုင်တာတွေကို မကြာခဏ ကျောင်းမှာ ထုတ်ကြွားလေ့ရှိလို့ အမြင်ကပ်ပြီး အခုလို နောက်ပြောင်ခဲ့တာဖြစ်ကြောင်း၊ တခြားသူငယ်ချင်းတွေရဲ့ အကြံအစည်လည်း ပါဝင်ပြီး Sim ကတ်အသစ်တစ်ခု ဝယ်ကာ နောက်ပြောင်ခဲ့တာလို့ သူရဲ့လူမှုကွန်ရက်မှာ တင်ထားပါတယ်။

ကြက်ဆီထမင်းအတွက် ဆိုင်က စရံတောင်းတော့ သူဟာ Yang Berhormat (YB) အဖွဲ့မှ လက်ထောက်တစ်ဦးဖြစ်ကြောင်း၊ ကြက်ဆီထမင်းကို မရှိဆင်းရဲသားတွေကို လှူမှာဖြစ်လို့ လုပ်ငန်းပြီးတာနဲ့ ငွေချေမယ်လို့ ပြောခဲ့ပါသတဲ့။ အဲဒီနောက် သူဟာ ဆင်းကတ်ကို လွှင့်ပစ်ခဲ့ပါသတဲ့။ အစားအစာတွေကိုလည်း သွားရောက်ယူငင်ခြင်း၊ ငွေပေးချေခြင်း မပြုခဲ့ဘူးလို့ အရှက်မရှိစွာ လိုင်းပေါ်တင်ထားတာပါ။

အလိမ်ခံရတဲ့ မိသားစုမှာ တစ်ပတ်စာဝင်ငွေ ဆုံးရှုံးခဲ့ရတယ်လို့ လူမှုကွန်ရက်မှာ တင်ထားကြောင်း၊ ၎င်းတို့ကလည်း လူစိတ်မရှိသူတွေရဲ့ နောက်ပြောင်မှုကို တခြားသူတွေ မခံစားရစေဖို့လည်း သတိပေးထားတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ သူတို့ဟာ အဲဒီအစားအစာတွေကို မိဘမဲ့ဂေဟာမှာ လှူလိုက်ရပါသတဲ့။ ဒါကိုကြည့်ပြီး သူ့မှာ ရယ်လို့မဆုံးဘူးလို့ နောက်ပြောင်သူက ဆိုထားပါသေးတယ်။

သူက နောက်ပြောင်ခံရတဲ့ သူငယ်ချင်းကို ရည်ရွယ်ပြီး ပို့စ်တင်ခဲ့ပါသေးတယ် … “မင်းကို ပရဟိတလုပ်ဖြစ်အောင် ကူညီပေးတာပါ … မင်းက ကော်တရာကပ်စေးနည်းလေ … ရှေ့လျှောက် မင်း ကြွားတာဝါတာတွေ လျှော့ပေါ့ကွာ “လို့ ရေးထားပါသတဲ့။ ဒီသတင်းကို UTAR Confessions 2017/18 Page ကနေ ပြန်လည်တင်ဆက်ထားတာဖြစ်ပြီး၊ အမည်တွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

Ref ;,CRD-လင်းဇော်ကို